စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ စက်မှုဇုန်အနီးတွင် လျှပ်စစ်မီတာခလိုက်လံကောက်ခံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း Buffalo Soldiers Freedom Force အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (မတ်လ ၂၄ ရက်) မွန်းလွဲပိုင်းက ရွှေဘိုလေ့ကျင့်ရေး (၈)မှ Center တစ်စီး၊ Mark 2 တစ်စီး၊ Pardo တစ်စီးတို့ဖြင့် ထွက်လာသောအင်အား ၂၀ ခန့်ပါစစ်ကောင်စီတပ်သည် မြောင်းကြီးကျေးရွာသို့ မီတာခလိုက်လံကောက်ခံရာ မွန်းလွဲ ၂ နာရီခွဲခန့်တွင် စက်မှုဇုန်နားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Buffalo Soldiers Freedom Force အဖွဲ့က ပြောသည်။
ထိုသို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိသည်ဟုဆိုသည်။
“ ရှေ့ထွက်မိုင်း ၆လုံး တစ်ပါဆယ်ချပြီးခွဲတာ။ ဒီကောင်တွေက မိုင်းထုပ်တစ်ထုပ်ကို မြင်တော့ နှစ်ကောင်က ပြေးလာတာ။ ပြေးလာတဲ့နှစ်ကောင်ကို အရင်ခွဲပြီး နောက်တစ်ပွိုင့်မှာ မိုင်းနားလေးမှာ ကားလာရပ်တော့ ထပ်နှိပ်လိုက်တာ။” ဟု Buffalo Soldiers Freedom Force က ဗိုလ်ကျွဲကြီးက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကို Buffalo Soldiers Freedom Force နှင့် SBDF စခန်းခွဲ (၂)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
ပြီးခဲ့သည့် မတ်လ ၁၇ ရက်ကလည်း ရွှေဘိုမြို့အဝင်မုခ်ဦးအနီးရှိ စစ်ကောင်စီ၏ ဘီးခွန်ကောက်ခံရေးဂိတ်ကို Buffalo Soldiers Freedom Force အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူနှစ်ဦးသေဆုံးခဲ့သေးသည်။
