▪︎ကမ္ဘ့ာရွှေဈေးတက်လာပြီးနောက်ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သား ၂၉သိန်းခွဲအထိရှိလာ
▪︎ကမ္ဘာရွှေဈေးစံချိန်တင်မြင့်တက်နိုင်ကြောင်းဈေးကွက်ကျွမ်းကျင်သူများခန့်မှန်းထား
ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၉သိန်းခွဲအထိမြင့်တက်လာသဖြင့် စစ်ကောင်စီ၏ဗဟိုဘဏ်က အချက်အလက်မှားများထုတ်ပြန်၍ ရွှေဈေးကျရန်ပြုလုပ်နေနေကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။
ကမ္ဘာ့ရွေဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာပြီးနောက် စစ်ကောင်စီ၏ဗဟိုဘဏ်နှင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းတို့ကရွှေဈေးကျစေရန် ဆောင်ရွက်နေခြင်းဖြစ်သည်။
စစ်ကောင်စီဗဟိုဘဏ်က မြန်မာ့ရွှေဈေးကွက်သည် ကမ္ဘာ့ရွှေဈေးကွက်မှတင်သွင်း၊တင်ပို့ရောင်းချခြင်းများမရှိသောကြောင့် ပြည်တွင်းရွှေဈေးကွက် အတက်အကျသည် ကမ္ဘာ့ရွှေဈေးနှင့် ဆက်စပ်မှုမရှိကြောင်း မတ်၂၀ရက်က ဝါဒဖြန့်ထုတ်ပြန်ခဲ့သည်။ ထိုအပြင်လူမှုကွန်ယက်များတွင် ရွှေလုပ်ငန်းရှင်များထုတ်ပြန်သည့် ရွှေဈေးနှုန်းများသည်လည်း တရားမဝင်ကြောင်းလည်း စစ်ကောင်စီဗဟိုဘဏ်ကဆိုသည်။
ရွှေဈေးမြင့်တက်လာခြင်းမှာ ကိုယ်ကျိုးအတ္တကြောင့် ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် လူမှုကွန်ယက်၊အွန်လိုင်းနှင့်ကောလဟာလသတင်းများကို အသုံးပြုနေခြင်းဖြစ်သည်ဟုလည်းစစ်ကောင်စီဗဟိုဘဏ်က စွပ်စွဲထားသည်။
စစ်ကောင်စီညွန်ကြားချက်အတိုင်းလုပ်ပေးနေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကလည်း ကမ္ဘာရွှေဈေးနှင့် ပြည်တွင်း ချိတ်ဆက်မှုမရှိကြောင်းနှင့် မီဒီယာများတွင်ဖော်သည့် ဈေးနှုန်းများသည်လည်း တရားဝင်မှုမရှိကြောင်းထပ်ဆင့်ဝါဒဖြန့်ထုတ်ပြန်သည်။
“ကုန်ပစ္စည်းတစ်ခုက ကမ္ဘာဈေးကွက်မှာ ဒီဈေးပေါက်ရင် ပြည်တွင်းမှာလည်း ဒီဈေးနှုန်းဖြစ်ရမှာပေါ့။ ဒါက ဈေးကွက်သဘောအရဘဲလေ။ ဒါကို ပြည်တွင်းမှ ချိတ်ဆက်မရှိလို့ ဒီဈေးမရဘူးဆိုတာဈေးကွက်သဘောကို လိမ်လည်တာပါပဲ”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ကမ္ဘာ့ရွှေဈေးသည် အမေရီကန်နိုင်ငံမှ Silicon Valley ဘဏ်ပြိုလဲခြင်းနှင့် ဆွစ်ဇာလန်မှာ Credit Suisse ပြသာနာကြောင့် အမေရီကန်ဒေါ်လာနှင့် ဗဟိုဘဏ်ငွေတိုက်စာချုပ်တန်ဖိုးများကျဆင်းနေပြီးရွှေဈေးများဆက်တိုက်တက်နေသည်။
ပြည်တွင်းရွှေဈေးကို ခေတ်အဆက်ဆက် ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးပေါ်မူတည်၍ ဈေးနှုန်းသတ်မှတ်ခဲ့ကြခြင်းဖြစ်ကြောင်းအခြားရွှေလုပ်ငန်းရှင်တစ်ဦး ကလည်းမှတ်ချက်ပေးသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက မတ် ၂၂ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၂၈၅,၅၀၀ ကျပ် သတ်မှတ်ထားသည်။ ပြင်ပပေါက်ဈေးတွင် ကျပ် ၂၉သိန်းခွဲဝန်းကျင်ရှိနေသည်။ ထိုကြောင့် ပြင်ပရောင်းဝယ်သောဈေးနှင့် ရွှေအသင်းသတ်မှတ်သောဈေးမှာတစ်ကျပ်သားလျှင် ကျပ် ၇ သိန်းဝန်းကျင်ဈေးကွာဟနေသည်။
ပြည်တွင်းရွှေဈေးသည် မတ် ၁ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၈သိန်းခွဲရှိခဲ့သည်။ ကမ္ဘာ့ဈေးမှာ မတ် ၁ ရက်က တစ်အောင်စကို ဒေါ်လာ ၁၈၄၀ရှိပြီး မတ် ၂၂ ရက်တွင် တစ်အောင်စကို ဒေါ်လာ ၁၉၄၁ ရှိနေသည်။
ကမ္ဘာ့ရွှေဈေးမှာဆက်လက်တက်နိုင်ပြီး သမိုင်းတစ်လျှောက်အမြင့်ဆုံးဈေးဖြစ်သော ၂၀၂၀ သြဂုတ်လတွင် ၁ အောင်စလျှင် ၂၀၇၅ ဒေါ်လာကိုကျော်ဖြတ်ပြီး ရွှေ ၁ အောင်စလျှင်ဒေါ်လာ ၂၆၀၀ အထိစံချိန်တင်မြင့်တက်နိုင်ကြောင်းဈေးကွက်ကျွမ်းကျင်သူများကခန့်မှန်းထားကြောင်း CNBC သတင်းဌာနကဖော်ပြသည်။
