စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ မသေချာ မရေရာမှုတွေ ကြုံတွေ့နေရဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က မနေ့က ဇန်နဝါရီလ ၃၀ ရက် မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။
ကျပ်ငွေတန်ဖိုးကျဆင်းလာတာ ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေကို ဆိုးဆိုးရွားရွားကြုံတွေ့နေရတာ ၊ ပဋိပက္ခတွေမြင့်တက်လာတာ ၊ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေအပြင် စစ်ကောင်စီရဲ့ မရေရာတဲ့မူဝါဒတွေကြောင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုဟာ နှောင့်နေးနေဦးမယ်လို့ ကမ္ဘာ့ဘဏ်ကဆိုထားပါတယ်။
ဒီအစီရင်ခံစာကို စစ်တပ်အာဏာသိမ်းကာလ ၂ နှစ်ပြည့်မှာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်လာတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှု အလားအလာတွေဟာ ၂ နှစ်အတွင်း သိသိသာသာထိခိုက်သွားတယ်လို့ ပြောထားပါတယ်။
မြန်မာကျပ်ငွေ တန်ဖိုးလည်း ပြီးခဲ့တဲ့ ၂ နှစ်တာကာလထက် ၅၀ ရာခိုင်နှုန်းကျဆင်းသွားသလို စီးပွားရေးလုပ်ငန်းတွေဟာ မီးပြတ်တာ ၊ ဝယ်လိုအားကျလာတာ ၊ ကုန်ဈေးနှုန်းကြီးမြင့်တာစတဲ့အကျပ်အတည်းတွေကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
မီးပြတ်တောက်တာကို လာမယ့်ခြောက်သွေ့ရာသီမှာ ဆိုးဆိုးရွားရွားရင်ဆိုင်ရဦးမှာဖြစ်ပြီး ဓာတ်အားပိုထုတ်နိုင်မယ့်အလားအလာမတွေ့ရဘူးလို့လည်း အစီရင်ခံစာမှာဖော်ပြပါတယ်။
ပြည်တွင်းက အိမ်ထောင်စုတွေရဲ့ ၄၆ ရာခိုင်နှုန်း ဟာ ဝင်ငွေ ကျဆင်းသွားပြီး အသုံးအစွဲလျော့သုံးရတဲ့အတွက် အာဟာရမျိုးစုံစားသောက်နိုင်တဲ့အိမ်ထောင်စုအရေအတွက်ကျဆင်းလာတယ်လို့ ကမ္ဘာ့ဘဏ်ကပြောပါတယ်။
ဒီအခြေအနေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း သိသိသာသာကျလာပြီး နှစ်လယ်ပိုင်းမှာ ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့သိရပါတယ်။
တဖက်မှာလည်းစစ်ကောင်စီဟာ အများပြည်သူကိုဝန်ဆောင်မှုပေးရမယ့် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေအတွက်ငွေကြေးထောက်ပံ့မှု ကျဆင်းသွားပါတယ်။
ပညာရေးပြတ်တောက်တဲ့အချိန်ကြာမြင့်တာ ၊ အလုပ်လက်မဲ့နှုန်းမြင့်လာတာ ၊ နေရပ်စွန့်ခွာမှု များလာတာတွေဟာ မြန်မာနိုင်ငံရဲ့ကုန်ထုတ်စွမ်းအားနဲ့ လူသားအရင်းအမြစ်ကို ကာလရှည်ကြာ ထိခိုက်စေလိမ့်မယ်လို့ကမ္ဘာ့ဘဏ်က ထောက်ပြပါတယ်။
ပြည်ပကိုထွက်ခွာပြီးအလုပ်လုပ်ကြသူတွေက မိသားစုထံ ငွေပြန်လွှဲတာတွေရှိလာပေမယ့် နိုင်ငံအတွင်းလုပ်သားနဲ့ကျွမ်းကျင်လုပ်သားရှားပါးလာနိုင်တယ်လို့ အစီရင်ခံစာမှာဖော်ပြတာတွေ့ရပါတယ်။
ဒါအပြင် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပမယ့်ရွေးကောက်ပွဲကြောင့် ပဋိပက္ခမြင့်တက်တာနဲ့အတူ စီးပွားရေး လုပ်ငန်းတွေထိခိုက်မယ်လို့ ကမ္ဘာဘဏ်က ပြောထားပါတယ်။
