လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ရွှေပြည်အေးရွာသား ၁၈ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၃)နှစ်စီ မတရားချမှတ်လိုက်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့(ဒီဇင်ဘာ ၂၂ ရက်) ထုတ်ပြန်သည်။
၂၀၂၁ အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များမီးရှို့ဖျက်ဆီးခဲ့ပြီး ရွာ သား ၁၉ ဦးအားဖမ်းဆီးကာ မျက်လုံးကို အဝတ်စဖြင့်ပိတ်ကြိုးနှင့်ချည်ကာ လူသားဒိုင်းကာအဖြစ်ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ၁၉ ဦးအနက် ဦးမောင်ညိုမှာ တောင်ကြီး အမှတ်(၁)ရဲစခန်းတွင် ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားကာ ကျန်ရှိသူများကို နိုင်ငံတော်ပုန်ကန်မှုဖြင့် အကြမ်းဖက်စစ်တပ်က တရားစွဲဆိုခဲ့သည်။
“မနေ့က(ဒီဇင်ဘာ ၂၁ ရက်) အမိန့်ချလိုက်တာလို့ သိရတယ်။ဒီနေ့မှကြားရတာ”ဟု ဖယ်ခုံမြို့ခံတစ်ဦးက ပြောသည်။
မတရားထောင်ဒဏ်ချမှတ်ခံရမှု မတိုင်မီက ရွှေပြည်အေးရွာသား ၁၉ဦးအား သေနတ် ၅လက်ဖြင့် ပြန်လာရွေးရန် စစ်ကောင်စီအကြောင်းကြားမှုရှိခဲ့သည်။
ယမန်နှစ် အောက်တိုဘာ ၂၂ ရက်က ခမရ(၃၃၆)တပ် ကင်းစခန်းကို ဖယ်ခုံ PDFက ဝင်တိုက်ခဲ့ရာ MA-3 သုံးလက်၊ MA-2 တစ်လက်နှင့် MA-1 လက်တို့ရရှိခဲ့သည်။
