စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ရွာစဥ်လှည့် မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်စစ်ကြောင်းက စိတ်ကျန်းမာရေးမကောင်းသူနှင့် ကလေးသူငယ်များကိုပါ ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြု စစ်ကြောင်းထိုးဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာလဆန်းကတည်းက စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် ခင်ဦးမြို့နယ် တာတိုင်ကျေးရွာနှင့် ရွှေဘိုမြို့နယ်သပွတ္တောကျေးရွာများမှ ဒေသခံများ ဒီပဲယင်းမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။


အဆိုပါ စစ်ဘေးရှောင်များနှင့် စစ်ကောင်စီစစ်ကြောင်းတိုးကာ တာတိုင်ကျေးရွာမှ အသက်(၁၃)နှစ်အရွယ်၊ ကလေးငယ် နှစ်ဦးအပါအဝင် ၁၅ ဦး၊ သပွတ္တောကျေးရွာမှ ၁၁ဦး၊ မူးရိုးကုန်းကျေးရွာမှ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး စုစုပေါင်း အမျိုးသား ၂၇ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်သည် ဖမ်းဆီးခံရသူများအား လူသားဒိုင်းပြုလုပ်ကာ စစ်ကြောင်းထိုးလျက်ရှိသည်။ ယနေ့ (ဒီဇင်ဘာ၆ ရက်)တွင် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း နများကျေးရွာသို့ ဒုတိယအကြိမ်ဝင်ရောက်ကာ ပြည်သူ့နေအိမ်များကို မီးရှို့နေကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။



“(၁၃)နှစ်ကလေးရဲ့ အင်္ကျီလက်ရှည်ကိုချွတ်ပြီး တံတားမှာ ကြိုးအဖြစ်ပြန်ချည်ခဲ့လို့ လက်ရှည်လဲမပါ ဖိနပ်လဲမပါနဲ့ တော်တော်အေးနေရှာမှာ။ ဘေးကင်းကင်းနဲ့အမြန်ပြန်ရောက်နိုင်ကြဖို့ဆုတောင်းနေရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁ ရက်မှ ယနေ့အထိ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း သုံးကျောင်းနှင့် ကျေးရွာ (၉)ရွာအထိ မီးရှို့ဖျက်ဆီးထားသည်။
