လူငယ်များ အထိအခိုက်နှင့် ဖမ်းဆီးခံရခြင်းမရှိ ဟုဆို
ရန်ကုန်မြို့ တစ်နေရာတွင် ယနေ့ (ဇူလိုင် ၂၇) ညနေပိုင်း၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်နေသည့် လူငယ်များကို အကြမ်းဖက် စစ်ကောင်စီဝင်များက အိမ်စီးကားဖြင့် ဝင်တိုက်ပြီး ဖြိုခွင်းခဲ့ကြောင်း တော်လှန်အင်အားစု လူငယ်များမှတစ်ဆင့် သိရသည်။
ယနေ့ ညနေပိုင်းတွင် လူငယ်များသမဂ္ဂ – ဗဟို နှင့် လူငယ်များသမဂ္ဂ – ပုသိမ်တို့ ပူးပေါင်း၍ “တရားတဲ့သူသာ နိုင်ကြေးဟေ့” စာသားပါ စာတန်းအားကိုင်ဆောင်၍ အာဏာသိမ်း မြန်မာ့ ဖက်ဆစ်စစ်တပ်က ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူများအား မတရားသဖြင့် ကြိုးပေးသတ်ဖြတ်နေမှုများကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လူငယ်များ ဆန္ဒထုတ်ဖော်နေစဥ်တွင် အကြမ်းဖက် စစ်ကောင်စီက အိမ်စီးကားဖြင့် ဝင်ရောက် ဖြိုခွင်းသော်လည်း အထိအခိုက်၊ အကျအဆုံး အဖမ်းဆီးခံရခြင်း မရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။
” မီးပွိုင့်ကနေ ထွက်လာတဲ့ အိမ်စီးကားတစ်စီးက ဆန္ဒပြလူငယ်တွေကို ကားနဲ့တိုက်ပြီး ဖမ်းဖို့ ကြိုးစားတာပါ။ ဒါပေမယ့် လူငယ်တွေက အချိန်မှီ ရှောင်နိုင်ခဲ့လို့ အထိအခိုက် မရှိဘဲ ထွက်ပြေးလွတ်မြောက်တယ်လို့ သိရပါတယ် ” ဟု ၎င်းက ပြောသည်။

လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြွေးကြော်နေစဥ် စစ်ကောင်စီဝင်များက လမ်းအကွေ့မှ ရုတ်တရက် ဝင်တိုက်ခြင်းဖြစ်ပြီး ကားပေါ်မှ အင်္ကျီ အပြာကွက်နှင့် ပုဆိုး အပြာရောင် ဝတ်စဥ်ထားသူ လူတစ်ဦး ဆင်း၍ လိုက်လံဖမ်းဆီးခဲ့သော်လည်း လျှင်မြန်စွာ ရှောင်ပြေးနိုင်ခြင်းကြောင့် အထိအခိုက်မရှိ လွတ်မြောက်ခဲ့ကြကြောင်း လူငယ်များသမဂ္ဂ- ဗဟိုကလည်း ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်ပထမပတ်လည်း လှိုင်မြို့နယ်တွင် ဆန္ဒပြလူငယ်များကို အိမ်စီးကားဖြင့် ဝင်တိုက်၍ ဖမ်းဆီးရန် ကြိုးပမ်းခဲ့ပြီး လူငယ်အချို့ ကားတိုက်ခံရသည့် ဒဏ်ရာရရှိခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
