●စစ်တပ်ပစ်သောလက်နက်ကြီးကျည်ထိသောကလေးငယ်ဆေးရုံတွင်ကွယ်လွန်
ကွတ်ခိုင်မြို့နယ်လွိုင်ဆမ်ဆစ်တောင်ခြေအနီးဝန်းကျင်တွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ် တို့ယနေ့နံနက်အစောပိုင်းမှယနေ့ ညအထိတစ်နေကုန်တိုက်ပွဲဖြစ်ပွားနေသည်။
ထိုအပြင်ယနေ့နံနက်ပိုင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်က ပစ်သော လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် အသကွ ၃ နှစ်အရွယ်ကလေးငယ် ဆေးရုံ၌သေဆုံးသွားခဲ့သည်။
လွိုင်ဆမ်ဆစ်တောင်ခြေအနီးမန်နောင်ကျေးရွာတွင် ယနေ့(ဇူလိုင် ၂၅ရက်) နံနက် ငါးနာရီခန့်ကစ၍တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီဘက်ကပစ်သောဘက်နက်ကြီးကျည်သည် နေအိမ်ခြံဝင်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၃)နှစ်အရွယ်ကလေးငယ်မှာမိုင်းစထိမှန်ခဲ့ပြီးဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်းဒေသခံများကပြောသည်။

“လက်နက်ကြီးသံတွေကြားလို့အမေကသူ့ကလေးကိုရင်ခွင်ထဲ ပိုက်ပြီး ဝပ်နေတာ။ပေါက်ကွဲတဲ့နေရာကနေ လွင့်လာတဲ့ မိုင်းစက ကလေးနောက်စိကိုသွားထိတာ။ ဆေးကုသခဲ့ပေမယ့် ကလေးသေဆုံးသွားတယ်”ဟု မိုင်းနောင်ရွာဒေသခံတစ်ဦးကပြောသည်။
သေဆုံးသွားသော ကလေးငယ်သည် အသက်သုံးနှစ်အရွယ် တအာင်းတိုင်းရင်းသား ကလေးငယ်တစ်ဦးဖြစ်သည်။ မနက်ဖြန်(ဇူလိုင်လ ၂၆ရက်)နေ့လည်တွင်နာရေးပြုလုပ်မည်ဖြစ်သည်။
တိုက်ပွဲသည် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်ရင်း(၃၉) နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေခြင်းဖြစ်သည်။ ယနေ့ ညအထိ သေနတ်ပစ်ခတ်သံရော လက်နက်ကြီးသံများပါ ကြားနေရပြီး မန်နောင်ရွာ ဒေသခံများနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသည်။
မန်နောင်ကျေးရွာသည် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းဘေးမှ ကျေးရွာဖြစ်၍ လမ်းပိုင်းအသုံးပြုမည့်ကားများ သတိပြုမောင်းနှင်ကြရန် ကွတ်ခိုင်မြို့ခံများက သတိပေး ထားသည်။
