စစ်ကောင်စီရဲ့တိုက်လေယာဉ် ဟာ ဒီနေ့မနက်ပိုင်းက ထိုင်းလေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့အတွက် ထိုင်းလေတပ် က F16 တိုက်လေယာဉ် ၂ စီးကို ကင်းလှည့်ဖို့နယ်စပ် ကိုစေလွှတ်ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြပါတယ်။
ကရင်ပြည်နယ် ၊မြဝတီမြို့ တောင်ဘက် ဝေါလေဒေသက စစ်ကောင်စီရဲ့ ဥကရိထ ခြေကုပ်စခန်း မကျ ဖို့အတွက် စစ်အုပ်စုဟာ တိုက်လေယာဉ်နဲ့တိုက်ခိုက်တာတွေကို အပြင်းအထန်လုပ်ဆောင်နေတာပါ။

ဒီနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်ဟာ မြဝတီတဖက်ကမ်း ထိုင်းနိုင်ငံ တက်ခရိုင် ၊ ဖော့ဖရာဒေသထဲကို ဝင်ရောက်ဖြတ်ပျံခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
ဒီလို ဝင်ရောက်ပျံသန်းမှုကြောင့် ထိုင်းဘက်ခြမ်းက ဒေသခံအချို့ ဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရသလို စာသင်းကျောင်းတစ်ကျောင်းလည်း ယာယီ အရေးပေါ်ပိတ်လိုက်ရတယ်လို့ဘန်ကောက်ပို့စ်က ဆိုထားပါတယ်။
စစ်ကောင်စီတိုက်လေယာဉ်ဝင်ရောက်ပျံသန်းပြီးနောက် ထိုင်းလေတပ်က F 16 အမျိုးအစားဂျက်တိုက်လေယာဉ် ၂ စီးကိုစေလွှတ်ကာ ကင်းထောက်တာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်ပျံသန်းမှုနဲ့ပတ်သက်ပြီး ရန်ကုန်မှာ ရှိတဲ့ထိုင်းစစ်သံမှူးကို စစ်ကောင်စီနဲ့ဆက်သွယ်ဖို့ ထိုင်းအစိုးရဘက်ကညွှန်ကြားထားတယ်လို့သိရပါတယ်။
