မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်(PDF) သုံးဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုများကြောင်း ရေစကြို PDFက သတင်းထုတ်နြပ်သည်။
ရေစကြိုမြို့နယ် ကျောက်ဖူးကျေးရွာ၌ ညအိပ်ပြီး ထွက်လာသည့် စစ်ကောင်စီ အင်အား ၁၀၀ ခန့်ကို ဇွန်လ ၁၄ရက် နံနက် ၈နာရီခန့်တွင် ကျောက်ဖူးရွာနှင့် မိဖုရားရွာ ကြားအရောက်၌ ပဒေသာမိုင်း အတွဲများဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။



ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးအရေအတွက်ကို စုံစမ်းနေကြောင်း ဖော်ပြသည်။ အဆိုပါ တိုက်ခိုက်မှုတွင် PDF ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကို ရေစကြို PDF၊ သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ရေလည်ကျွန်းတပ်ပေါင်းစုတပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
