စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူလေးဦးအားပြေးခိုင်းပြီး နောက်မှသေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဇွန်လ ၅ရက်နေ့ကမြင်းမူမြို့နယ်၊ကန်ဖျားရွာနှင့် ဂုံညှင်းဆိပ်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းသုံးလုံးဆွဲကာ တိုက်ခိုက်ခံခဲ့ရသည်။
ထိုနောက်ဇွန် ၅ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်တပ်သည် ထီးဆောင်းရွာမှ ကန်ဖျားရွာဘက်ကိုအင်အား ၈၀ ဝန်းကျင်ဖြင့် ဝင်ရောက်လာပြီး ကန်ဖျားရွာတောထဲရှိတွေ့သောတဲများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ကန်ဖျားရွာသားတစ်ဦးကိုလည်းပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။


ထို့နောက် ရွာသားအချို့အားဖမ်းဆီးပြီး ရွာသားလေးဦးအား ပြေးခိုင်းပြီး နောက်မှသေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြသည်။
“အရပ်သားလက်နက်မဲ့လူငယ်များကိုပါ မင်းတို့လွတ်အောင်ပြေးဟုဆိုပြီး အမဲလိုက်သလိုပစ်ခတ်ကြတာကြောင့်ရွာသား ၄ ဦး သေဆုံးတယ်လို့ကနဦးကြားသိခဲ့ရပါတယ်”ဟု မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်သည်။

ထိုအပြင် ဒေသခံတစ်ဦးကလည်း “ရွာကဦးလေးကြီးတစ်ယောက်က ဖိနပ်ကို ကုန်းကောက်လိုက်ချိန်မှာ စစ်သားတစ်ယောက်က မြင်သွားတော့ ပြေးမယ်လို့ထင်ပြီး အဲဒီလူကြီးကို ပါးစပ်ကိုဟခိုင်းတယ် ။ပါးစပ်ထဲကိုပဲ သေနတ်ထိုးထည့်ပြီး ပစ်ထည့်လိုက်တယ်။ နောက်အမျိုးသမီးတစ်ဦးကိုလည်း လက်ကိုင်အိပ်ထဲ ရှိသမျှ ထုတ်ခိုင်းလိုက်တာ ရွှေနဲ့ ငွေ အမြောက်များထွက်လာလို့ အတင်းအဓမ္မလုယူသွားပါတယ် ။ စုစုပေါင်းကာလတန်ဖိုးကတော့ သိန်းတစ်ရာ လောက်ရှိတယ်။”ဟု စစ်ကောင်စီတပ်က ပြည်သူများအပေါ်ကျူးလွန်ပုံကိုပြောသည်။


အကြမ်းဖက်စစ်တပ်သည် အထက်ပါသတ်ဖြတ်ခံရသူများအပါအဝင် ကန်ဖျားရွာမှ ပြည်သူစုစုပေါင်း (၇)ဦးအားသတ်ဖြတ်သွားပြီး ဓားစာခံ(၁၁)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(PAFD)က ပြောသည်။
ကန်ဖျားရွာတောကျောင်း မြတ်စောညီနောင် ဘုရားအာရုံခံတန်ဆောင်း ၊ တောရကျောင်းနှင့် ဘုရားပတ်လည်တောတဲများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ကမီးရှို့ခဲ့ကြပြီး စေတီသာမီးမလောင်ဘဲကျန်ခဲ့ကြောင်းမြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြသည်။
