နိုင်ငံတကာအသိုင်းအဝိုင်းအားလုံးက အထက်ပါလုပ်ရပ်ကို ပြင်းထန်စွာ ဆန့်ကျင်တားမြစ်ရန် တိုက်တွန်း
သေဒဏ်ပေးကွပ်မျက်ရန် စီစဉ်ခြင်းမှာ နိုင်ငံတည်ငြိမ်ရေးကို စိန်ခေါ်ဖျက်ဆီးလိုက်ခြင်းဟု သုံးသပ်
စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်ရေး လုပ်ဆောင်နေမှုသည် သမိုင်းဆိုင်ရာ ခွင့်လွှတ်၍ မရနိုင်သောလုပ်ရပ်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကယနေ့ထုတ်ပြန်သည်။
ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့အား စစ်အုပ်စုက သေဒဏ် ချကွပ်မျက်ရန် စီစဉ်နေမှုကိုကုလသမဂ္ဂ၊ အာဆီယံအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းအားလုံးက အထက်ပါလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တားမြစ်ရန် AAPP က တောင်းဆိုလိုက်သည်။
အထက်ပါနိုင်ငံရေးအကျဉ်းသားများကို မည်သည့် စစ်ခုံရုံး၊ မည်သည့်နေရာတွင် အမှုကို ကြားနာခဲ့ကြောင်းနှင့်အမိန့်ချမှတ်ခဲ့ကြောင်းကိုသက်ဆိုင်ရာမိသားစုများထံသို့ပင် အသိပေးခြင်း မရှိဘဲသေဒဏ်ချကွပ်မျက်ရန်စီစဉ်နေမှုသည်မြန်မာနိုင်ငံ၏ တရားစီရင်ရေး ယန္တရားတခုလုံးအား အလုံးစုံ ဖျက်ဆီးနေခြင်းပင်ဖြစ်သည်ဟု AAPP ကထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စုသည် အာဏာသိမ်းယူပြီးသည်မှစ၍ ၎င်းတို့အား ဆန့်ကျင်သူများကို နေ့စဉ်နှင်အမျှ သတ်ဖြတ်ခြင်း၊ မြို့ရွာများကို မီးရှို့ခြင်း၊ နေအိမ် ပစ္စည်းဥစ္စာများကို သိမ်းယူခြင်းများကို တစိုက်မတ်မတ်လုပ်ဆောင်နေပြီးယခုကဲ့သို့နိုင်ငံရေးအကျဉ်းသားများကိုကွပ်မျက်ရန် ပြောကြားမှုမှာနိုင်ငံတကာနှင့် ပြည်တွင်းတရားဥပဒေကိုအလွဲသုံးစားလုပ်ကာ ပြောင်ပြောင်တင်းတင်း သတ်ဖြတ်ရန် ကြိုးစားမှုတရပ်ဖြစ်သည်ဟု AAPP ကဖော်ပြသည်။
ထို့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်ရောက်နိုင်ရေး နိုင်ငံတကာ၏ အပြင်းအထန် ဖိအားပေး တောင်းဆိုနေမှုများကို တစုံတရာ လျော့ကျစေရေးအတွက် အပေးအယူလုပ်ရန်နှင့် ပြည်တွင်းရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကို ခြိမ်းခြောက်ရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးအကျဉ်းသားများကို ဓားစားခံအဖြစ် အသုံးပြု တုန့်ပြန်လိုက်ခြင်းလည်း ဖြစ်သည် AAPP က သုံးသပ်သည်။
ကမ္ဘာ့နိုင်ငံအနှံ့တွင်သေဒဏ်စီရင်ရေးအား ဖျက်သိမ်းရန် အပူတပြင်း ကြိုးစားနေချိန်တွင် မြန်မာ စစ်အုပ်စုကထိုကဲ့သို့ ကွပ်မျက်ရန် ကြေညာခြင်းသည် နိုင်ငံတကာ၏ ကြိုးပမ်းဆောင်ရွက်နေမှုကို ပျက်ရယ်ပြုလိုက်ခြင်းလည်းဖြစ်သည်ဟုပါရှိသည်။
နိုင်ငံရေးအကျဉ်းသားများကိုသေဒဏ်စီရင်ခြင်းသည် အာဏာသိမ်းစစ်အုပ်စုမှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတည်ငြိမ်ရေးကို စိန်ခေါ်ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု AAPP က သဘောထားသည်။
AAPP စာရင်းအရ တရားမဝင်အာဏာသိမ်းစစ်အုပ်စု၏ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၄ ဦးရှိပြီဖြစ်ပြီး မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၄၁ဦးအပါအဝင် ၁၂၀ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
၂၀၂၁၊ ဖေဖော်ဝါရီလ ၁ ရက် မှ ၂၀၂၂ ဇွန်လ ၃ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၀,၉၀၃ ဦးရှိပြီး ၎င်းတို့အနက်မှ ၁,၁၀၀ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး ၂ ဦး အပါအဝင် ၇၃ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။
