ကချင်ပြည်နယ် မိုးညှင်းမြို့နယ် လုံးတုံရွာအနီးတွင် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။
KIA တပ်မဟာ(၉)၊ တပ်ရင်း(၂၆) နယ်မြေ လုံးတုံရွာအနီး စစ်ကောင်စီတပ်စခန်း အလွန်၌ ယနေ့ (ဇွန်လ ၄ရက်) နံနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်မှ အင်အား ၁၀၀ကျော်ပါဝင်သည့် အဖွဲ့သည် ဇွန်လ ၃ရက် ညနေပိုင်းက ညောင်ပင်တပ်စခန်းသို့ ရောက်ရှိပြီး ဇွန်လ ၄ရက်နံနက်၌ တုန်ဖုန်းကား (၃)စီးဖြင့် ထပ်မံစစ်ရေးလှုပ်ရှားလာစဉ် KIAက လေးကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါဒေသ တဝိုက်တွင် စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားခြင်း၊ စစ်အင်အား ဖြည့်တင်းလာခြင်းနှင့် စစ်အသုံးအဆောင်များသယ်ယူပို့ဆောင်မှုများ အမြဲလိုလိုရှိနေ၍ KIAနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြထားသည်။
