●ထိုင်းဘက်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးရှိဟု ဒေသခံပြော
မြ၀တီမြို့နယ် သေ့ဘော့ဘိုးအခြေစိုက် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေရှင်းရာတွင် ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၅လောင်းတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်သည်။
အာဏာသိမ်းစစ်ကောင်စီတပ်ရင်းများဖြစ်သည့် သေ့ဘော့ဘိုးအခြေစိုက် ခလရ- ၃၂ နှင့် ခမရ – ၅၅၉ သည် တပ်စခန်းအနီးရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ မကြာခဏ အကြောင်းမဲ့ပစ်ခတ်လေ့ရှိပြီး တပ်စခန်းအနီးအနားသို့ သွားလာနေကြသော ရွာသူ ရွာသားများအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုများ အမြဲတစေပြုလုပ်လုပ်လျက်ရှိရာ ရွာသူရွာသားများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း၊ ရွာသူရွာသားများက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA )၏ နယ်မြေခံတပ်များဆီသို့ အကြောင်းကြားအသိပေးလာသောကြောင့် ထိုစခန်းအား သိမ်းယူရန် စီစဉ်ခဲ့ရကြောင်း KNUက စခန်းသိမ်းတိုက်ခိုက်ရသည့် အခြေအနေကို ဖော်ပြသည်။
ထို့နောက် အဆိုပါ တပ်စခန်းကို သိမ်းယူရန် KNLA တပ်မဟာ(၆)လက်အောက်ခံ တပ်ရင်း (၂၇)၊တပ်ခွဲ(၂)မှ ဒုခွဲမှူး ဗိုလ်ဒါ့ဘော(လက်ရှိ Cobraစစ်ကြောင်း၏ စစ်ကြောင်းမှူး)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)မှ ဗိုလ်အယ်စေးဝါး တို့ ဦးဆောင်ခဲ့ပြီး မေလ ၁၇ရက် ညပိုင်းမှစ၍ စတင်ပစ်ခတ်ပြီး မေ ၁၈ရက်ညနေပိုင်း၌ စခန်းအား အောင်မြင်စွာ သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။
ထိုစခန်းအား ရှင်းလင်းစဉ် အာဏာသိမ်းစစ်ကောင်စီ၏ ဒုရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးတစ်ဦးအပါအဝင် စုစုပေါင်း အလောင်းငါးလောင်းအားတွေ့ရှိရပြီး တပ်ကြပ်ကြီးနှစ်ဦး၊ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊တပ်သား သုံးဦး စုစုပေါင်း ၇ဦးတို့ကို အရှင်ဖမ်းမိခဲ့သည်ဟု ဖော်ပြသည်။ KNLA/KNDOနှင့် ပူးပေါင်းတပ်ဖွဲ့များမှလည်း တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံးခဲ့ရပြီး ၄ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
ထို့ပြင် သေ့ဘော့ဘိုးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးသည် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင် သွားသည်ဟုလည်း မြန်မာ – ထိုင်းနယ်စပ်ရှိ ကရင်တိုင်းရင်းသား တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ရတဲ့သတင်းက လက်ရဖမ်းမိတာ အားလုံး ၈ယောက်၊ တိုက်ပွဲဖြစ်တဲ့နေ့က ၆ယောက်၊ နောက်တစ်နေ့မနက်မှာ ၂ယောက်။ နောက်ပြီးတော့ ထိုင်းဘက်ကို ထွက်ပြေးလာတာက ၁၄ယောက်ပေါ့။ အဲဒီ ၁၄ယောက်ကို ထိုင်းဘက်က မနေ့က မြ၀တီကို ပြန်ပို့လိုက်ပြီ။ သေဆုံးတာကတော့ စစ်တပ်ဘက်က ၁၀ယောက်လောက်ရှိတယ်” ဟု ၎င်းက စစ်မြေပြင်မှ KNU တပ်မှူး၏ ပြောကြားချက်ကို ကိုးကား၍ ပြောပြသည်။
ထိုစခန်းသိမ်း တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များထံမှ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ကျည်၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု KNUကထုတ်ပြန်သည်။

သိမ်းဆည်းရရှိသောလက်နက် ပစ္စည်းများမှာ ၈၁ မမ တာဝေး စိန်ပြောင်း (၁)လက်၊ ၆၀ မမ တာဝေးစိန်ပြောင်း(၁)လက်၊ MA -10 အမျိုးအစား RPG (၁) လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း (၁)လက်၊ MG – 3 စက်လတ်(၁)လက်၊ MA – 2 (၄)လက်၊ MA – 3 (၂) လက်၊ MA – 5 (၁)လက် ၊ ၆၀ မမ ဗုံးသီး (၁၀)လုံး၊ ၈၁ မမ (၁၄) လုံး၊ RPG ဗုံးသီး (၄၆)လုံး၊ ယမ်းတောင့် (၁၆)တောင့်၊ တိုက်မိုင်း (၅)လုံး၊ ကျည်ကာ အင်္ကျီ (၃)ထည်၊ နင်းမိုင်း အကြီး(၃)လုံး၊ နင်းမိုင်းအသေး(၅)လုံး၊ အချက်ပြ သေနတ်(၂)လက်၊ ဒရုန်း(၁)စီး၊ မှန်ဘီလူး(၂)လက်၊ ကျည်ကာဦးထုပ်(၄)လုံး၊ ကျည်ဘောက်(၂၇)ခု၊ ဆက်သွယ်ရေးစက် TS-2000 (၁) ခု၊ သံလိုက်အိမ်မြှောင်(၁)ခု၊ မြေပုံ(၁)ချပ်၊ မိုင်းရှာစက်(၁)ခု၊ လျို့ဝှက်စာရွက်စာတမ်း (အစုံ)၊ ဆက်သွယ်ရေးစက် ဘက်ထရီ(၁)ခု၊ စက်လတ်ကျည်ခါးပတ်တွဲ (၁)ခု၊ ၅.၅၆ ကျည် (၃၀၀၀)တောင့် ခန့်၊ ၇.၆၂ ကျည် (၄၀၀၀) တောင့်ခန့်၊ အချက်ပြကျည်(၁၀)တောင့်၊ ဆက်သွယ်ရေးစက် အသေး(၁)လုံး၊ ဂျန်မာစက် (၁) လုံး တို့ဖြစ်သည်ဟု ဖော်ပြထားသည်။
တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နေချိန်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်နှင့် ကင်းထောက်လေးယာဉ်များ စုစုပေါင်း လေယာဉ် ၆စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၃၅ကြိမ်ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်သည်။
