စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ကျေးရွာ ၅ ရွာအား မီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (မေလ ၁၉ရက်နေ့)က အကြမ်းဖက်စစ်တပ်သည် မြောင်မြို့နယ်၊ ရွာပုလဲကျေးရွာတွင် နေအိမ် ၁၀လုံး၊ ညောင်ကားယားကျေးရွာတွင် နေအိမ် ၂၀လုံးနှင့် အပြစ်မဲ့ပြည်သူတစ်ဦးအားသေနတ်ဖြင်ဘ ပစ်သတ်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM က ပြောသည်။
ထို့အပြင် အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ညပိုင်းက ပေါက်ချောင်းကျေးရွာနှင့်ကူးတို့ကုန်းကျေးရွာတို့ကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ည ၉ နာရီအချိန်ထိ လောင်ကျွမ်းနေဆဲဖြစ်ပြီးရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားသည်ဟု ခန့်မှန်းရကြောင်း ဒေသခံများက ပြောသည်။

ညပိုင်း ၉နာရီကယဝန်းကျင်တွင် မြောင်မြို့ပေါ်မှ ဆင်းလာသည့် အကြမ်းဖက်စစ်တပ်က ပြည်သူများအား ရမ်းသမ်းပစ်ခတ်ခဲ့၍ ကူးတို့ကုန်းကျေးရွာမှ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်တပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၁၅၀၀ ကျော်ပြီဖြစ်ကြောင်း CDSOM အဖွဲ့က ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူ့ ကာကွယ်ရေးအဖွဲ့များကို လက်နက်ကြီးအားကိုးဖြင့် အဝေးပစ်ခြိမ်းခြောက်မှုများ ၊ လက်နက်ကြီးငယ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းများကို စစ်ကိုင်းတိုင်းအတွင်း ခပ်စိပ်စိပ် ပြုလုပ်လာသည်ဟု CDSOM အဖွဲ့က ပြောသည်။
အကြမ်းဖက်စစ်တပ်သည် ‘”ကြွက်မနိုင် ကျီ မီးနှင့်ရှို့” ဆိုသည့် စကားပုံအတိုင်း ပြည်သူတို့၏ ပြတ်သားသောစိတ်ဓာတ်ကို မနိုင်သည့်အတွက် ပြည်သူ့အိုးအိမ်ဖျက်ဆီးသည့် နည်းလမ်းများကို ပြောင်းလဲ အသုံးပြုလာခဲ့ကြောင်း၊ ကျေးလက်နေ ပြည်သူလူထုပိုင်ဆိုင်သည့် အိုးအိမ်များကို မီးရှို့လာသည်မှာလည်း နေ့တိုင်းလိုလိုပင် ဖြစ်ကြောင်း CDSOM အဖွဲ့က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကျေးရွာများတွင် ပြည်သူများက ထောက်ပို့ကူညီနေသည့်အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲများ အဓွန့်ရှည်နေသည်ဟု အကြမ်းဖက်စစ်တပ်က ယူဆပြီး အုတ်တိုက်ကဲ့သို့ ကောင်းမွန်သော နေအိမ်များကို ပစ်မှတ်ထားပြီး ရွေးချယ်မီးရှို့နေသည်ဟု မြောင်မဟာမိတ်အဖွဲ့များက ပြောသည်။
စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ်သည် အာဏာရှင်စနစ်တစ်ခုလုံး ပြုတ်ကျသွားစေဖို့ လက်လုပ်တူမီးကို တီထွင်အသုံးပြုပြီးတိုက်လာခဲ့သည့် မြေပြန့်လွင်ပြင်ဒေသဖြစ်ကြောင်း၊ မြောင်မြို့နယ်အတွင်း စစ်ကြောင့်ဖြစ်ပေါ်လာရသည့် ဆုံးရှုံးမှု ၊ နစ်နာမှု ၊ စစ်ဒဏ်များကိုလည်း ဖေးမ ကုစားပေးကြရန် အထူးမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။
