အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးမည့်အစီအစဉ်ကို ရပ်တန့်ရန် ဂျပန်လွှတ်တော်ကိုယ်စားလှယ်များက ယမန်နေ့တွင် တောင်းဆိုလိုက်သည်။
ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီတွင် စစ်ကောင်စီစေလွှတ်မည့် စစ်သား လေးဦးကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တက်ရောက်ခွင့်ပြုခဲ့ပြီး ယင်းအစီအစဉ်ကို ရပ်တန့်နိုင်ရန် ပါတီနှစ် ရပ်ပေါင်းလွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများကို သင်တန်းပေးရန် အစီအစဉ်သည် ရှေ့ရေးကို ရှေးရှုပြု လုပ်ခြင်းဖြစ်ပြီး ယခင်အစိုးရများ၏ အစီအစဉ်များဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ခံဒါရိုက်တာ ပြောသည်။


ယင်းသို့ ဂျပန်နိုင်ငံက ခေါ်ယူသင်တန်းပေးမှုနှင့်ပတ်သက်၍ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံသော လွှတ်တော်အမတ်များသမဂ္ဂ (GIREN), Human Rights Watch, Human Rights Now နှင့် NUG Representative Office Japan တို့၏ အရေးပေါ်အစည်းအဝေးတရပ်ကို ဂျပန်နိုင်ငံ လွှတ်တော်အမတ်များရုံး၌ ယမန်နေ့တွင် ပြုလုပ်ခဲ့ကြောင်း NUG ဂျပန်ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အစည်းအဝေးတွင် ဂျပန်နိုင်ငံဆိုင်ရာNUG ကိုယ်စားလှယ်က မြန်မာနိုင်ငံအပေါ် ဂျပန် အစိုးရ၏ ကူညီနေမှုများကို နားလည်သော်လည်း တရားမဝင်အာဏာသိမ်းခဲ့သော စစ်ကောင်စီ သည် ၎င်းတို့ အာဏာသိမ်းစဉ်မှစ၍ ယခုအချိန်အထိ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ သေဒဏ်ချမှတ်ခြင်း စသည်တို့ကို ဆက်တိုက် ကျူးလွန်ဆောင်ရွက် ခဲ့သဖြင့် မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင်သူများ ပိုမိုများပြားလာကြောင်း ပြောသည်။

ထိုသို့သော အကြောင်းများကြောင့် ဂျပန်က စစ်ကောင်စီအား အကူအညီပေးမှုများကို ကန့်ကွက်ကြောင်းနှင့် ယခုမှစ၍ အကူအညီပေးနေမှုများကို ရပ်တန့်ကာ ပိတ်ဆို့အရေးယူမှုများကို လုပ်ဆောင်ရန် NUG ကိုယ်စားလှယ် စောဘလှသိန်းက ပြောသည်။
ထို့အပြင် မြန်မာပြည်သူလူထု အားပေးထောက်ခံသော NUG အစိုးရကို အခြားနိုင်ငံများမှ အသိအမှတ်ပြုသကဲ့သို့ ဂျပန်အစိုးရမှ လည်း လက်ခံ အသိအမှတ်ပြုရန်လည်း စောဘလှသိန်းက တိုက်တွန်းသည်။

စစ်ကောင်စီစေလွှတ်သည့် စစ်သား ၄ ဦးကို ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီသင်တန်း တက်ရောက်ခွင့်ပြုသည့်အပေါ် ဂျပန်ရောက်မြန်မာနိုင်ငံသားများက အပြင်းအထန်ကန့်ကွက်ရှုတ်ချထားသည်။
