ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ တွင် ဒေသတွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လက်နက် ကိုင်တပ်ဖွဲ့ (၁၄)ဖွဲ့ ပါဝင်ကြောင်း အဆိုပါ ကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။
KNU တပ်မဟာ(၁)နယ်မြေ များဖြစ်သည့် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ဘာအံ ဒေသများ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် အခြားတော်လှန်ရေးအင်အားစုများ ပါဝင်သည်ဟု ၎င်း ကဆိုသည်။
ထိုသို့စုဖွဲ့လိုက်ခြင်းမှာ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ စုစည်းညီညွတ်စွာ တွန်းလှန် တိုက်ပွဲဆင်နွဲရာတွင် စနစ်တကျ ဆောင်ရွက်နိုင်ရန် အတွက်ဖြစ်သည်ဟုဆိုသည်။
ယင်းမိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဖွဲ့စည်းမှုကို KNU ဗဟို၏ လမ်းညွှန်ချက်များအတိုင်း ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကော်မတီတာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် KNU ခရိုင်နှင့် တပ်မဟာနယ်မြေများတွင် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နှင့် PDFများ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
