အာဆီယံသည် ၎င်းတို့၏ဆက်စပ်အစည်းအဝေးများတွင် မည်သူ့ကိုဖိတ်ကြားရမည်ကို အမိန့်ပေးရာ၌ အာဏာသိမ်းစစ်ကောင်စီကို ဝင်ရောက်စွက်ဖက်ခွင့်မပြုသင့်ကြောင်း မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးက ပြောကြားသည်။
အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဝါရှင်တန်၌ ပြုလုပ်သော အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ယင်းသို့ ထည့်သွင်းဆွေးနွေးသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် ကျင်းပခဲ့သော မြန်မာသို့ လူသားချင်းစာနာမှုအကူအညီပေးရေး အတိုင်ပင်ခံအစည်းအဝေးတွင် အာဆီယံက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ်ဒေါက်တာနိုလင်းဟေဇာကို ဖိတ်ကြားပြီးမှ စစ်ကောင်စီကကန့်ကွက်သဖြင့် ပြန်လည်ဖျက်သိမ်းခဲ့သည့်အပေါ် မလေးရှားနိုင်ငံခြားရေးဝန် ကြီးက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

“စစ်ကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ကို လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ပါဝင်ဖို့ ခွင့်မပြုခဲ့တဲ့အပေါ် ကျွန်တော်တို့ နောင်တရမိပါတယ်” ဟု ဝန်ကြီး Saifuddin Abdullah က ပြောသည်။
ထိုကြောင့် အာဆီယံသည် ၎င်းတို့၏ဆက်စပ်အစည်းအဝေးများတွင် မည်သူ့ကိုဖိတ်ကြားရမည်ကို ဆုံးဖြတ်ရာတွင်အာဏာသိမ်းစစ်ကောင်စီကို ဝင်ရောက်စွက်ဖက်ခွင့်မပြုသင့်ကြောင်း မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးတွင် မလေးရှားသည် အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်အနေဖြင့် အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်အပေါ် ၎င်း၏လုပ်ပိုင်ခွင့်ကို အကောင်အထည်ဖော်ရာတွင် အပြည့်အ၀ထောက်ခံအားပေးကြောင်း ထုတ်ဖော်ပြော ဆိုသည်။
ထို့အပြင် အာဆီယံအထူးကိုယ်စားလှယ်သည် NUG ၊ NUCC ကိုယ်စားလှယ်များအပါအဝင် ပါဝင်သင့်သူအားလုံးနှင့် ထိတွေ့ဆက်ဆံသင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေး၌ တိုက်တွန်းသည်။
မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးရေး ကြိုးပမ်းမှုများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပါဝင်ကူညီများဖြင့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UN OCHA)ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများပါဝင်သင့်ကြောင်းလည်း Saifuddin Abdullah က တိုက်တွန်းသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မေ ၁၁ ရက်တွင်ဝါရှင်တန်၌ ပြုလုပ်သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအလွတ်သဘောဆွေနွေးပွဲတွင် ၎င်းထည့်သွင်းဆွေးနွေးခဲ့သောအကြောင်းအရာများကို ၎င်း၏ အမည် (Saifuddin Abdullah )ဖြင့်အသုံးပြုသော ဖေစ်ဘွခ်တွင်လည်းအောက်ပါအတိုင်းရေးသားထားသည်ကိုလည်းတွေ့ရသည်။
https://m.facebook.com/story.php?story_fbid=547160853446204&id=100044568810361
