▪️စစ်ကောင်စီတပ် ၃၀ခန့်သေပြီး အရှင်ဖမ်းမိသူနှင့် လက်နက်ခဲယမ်းများလည်းရရှိဟု KNDF တာဝန်ရှိသူပြော
ရှမ်း- ကယား(ကရင်နီ)နယ်စပ်မိုးဗြဲအင်းအရှေ့ဘက်ရှိစစ်ကောင်စီတပ်စွဲထားသောထီရိရွာဂိတ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများပြီး ဗိုလ်မှူးအပါအဝင် ငါးဦးကိုဖမ်းဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF) တာဝန်ရှိသူတစ်ဦးက ပြော သည်။
မေ ၁၂ရက် နံနက်က ဖယ်ခုံမြို့နယ် ထီရိရွာရှိ စစ်ကောင်စီတပ် ဂိတ်စခန်းကို KNDF တပ်ရင်း(၃)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦးအပါအဝင်ငါးဦးဖမ်းမိခြင်းဖြစ်သည်ဟု ကရင်နီဒေသတွင်းမီဒီယာဖြစ်သော KNIC ကလည်းသတင်းဖော်ပြသည်။

အမြောက် ၊စက်လက်များအပါအဝင်အနည်းဆုံး သေနတ် ၁၃ လက်၊ အာပီဂျီများ နှင့် ခဲယမ်းများစွာကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့သည်ကို သတင်းဓါတ်ပုံတွင်တွေ့ရသည်။
“ကျွန်တော်ကြားရတာက စစ်ကောင်စီက ၃၀လောက်ကျတယ်လို့ပြောတယ်။ နောက်အရှင်ဖမ်းရတာလည်းရှိတယ်။ လက်နက်လည်း သိမ်းဆည်းရမိတယ်တဲ့။ ဘယ်နှစ်လက် ဘယ်နှစ်ယောက်လောက် ဖမ်းမိတယ်ဆိုတာတော့အတိအကျ မသိရသေးဘူး”ဟု KNDF တာဝန်ရှိသူက ပြောသည်။

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။
ကရင်နီဒေသနှင့် ရှမ်း-ကယား နယ်စပ်တွင် စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA)၊ KNDF၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် အခြားတော်လှန် ရေးအင်အားစုများစုပေါင်း၍ ခုခံတိုက်ခိုက်လျက်ရှိသည်။
