ရှေ့ကာလများတွင် ပြောက်ကျားစစ်၊ ထိုးစစ်များကို ပိုမိုဆောင်ရွက်မည်ဟု PPDF ဥက္ကဌ ကတိပြု
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pakokku People Defense Force – PPDF)သည် ယနေ့ (မေလ ၁၂) တွင် ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အဖြစ် စစ်ရေးပြ အခမ်းအနားကို ပြုလုပ်ခဲ့သည်။

တစ်နှစ်အတွင်း ထိုက်သင့်သည့် အင်အားတစ်ခုရောက်အောင် စုစည်းတည်ထောင်နိုင်သည့်အတွက် ရဲဘော်များ၊ ပြည်သူများအား ကျေးဇူးတင်ကြောင်း၊ ရှေ့လာမည့် ကာလများတွင် ရန်သူကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးနိုင်မည့် ပျောက်ကျားစစ်၊ ထိုးစစ်များကို ပိုမို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း PPDF ဥက္ကဌက တစ်နှစ်ပြည့် အမှာစကား ပြောကြားခဲ့သည်။


” ငါတို့ရဲ့ရန်သူကို တော်လှန်တိုက်ခိုက်ရာမှာလည်း ရည်ရွယ်ချက်တူ၊ လမ်းစဉ်တူတဲ့ မည်သည့်ဒေသတွင်းအဖွဲ့အစည်း၊ မည်သည့် တော်လှန်ရေးတပ်ဖွဲ့များနဲ့မဆို အစဉ်လက်တွဲ တိုက်ပွဲ၀င်သွားမှာဖြစ်တယ်။ အဲ့ဒီလိုတိုက်ပွဲ၀င်တဲ့နေရာမှာလည်း နိုင်ငံတကာစစ်ဥပဒေ၊ စစ်စည်းကမ်းတွေ၊ လူ့ကျင့်၀တ်စံနှုန်းတွေနဲ့အညီဆောင်ရွက်ရမှာဖြစ်ပြီး စည်းကမ်း သေ၀တ်တဲ့ ဒေသကာကွယ်ရေးတပ် တစ်ခုဖြစ်အောင် အားလုံးစုစုစည်းစည်း တိုက်ပွဲ၀င်သွားကြမှာ ဖြစ်ပါတယ်။ ရှေ့လာမယ့်ကာလတွေမှာ ရန်သူကို ပိုမိုနှောင့်ယှက်ဟန့်တား ဖျက်ဆီးနိုင်မယ့် ပျောက်ကျားစစ်၊ ထိုးစစ်တွေကို ဆောင်ရွက်သွားမယ်လို ငါ့အနေနဲ့ ကတိပြုလိုပါတယ် ” PPDF ဥက္ကဌက ဆိုသည်။

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်နှစ်ပြည့် ဖွဲ့စည်းတည်ထောင်နိုင်ခြင်း အပေါ်မြိုင်မြို့နယ်၊ ဆိပ်ဖြူမြောက်ပိုင်း၊ မြစ်ခြေ-ကျွန်းချောင်းမြို့နယ် အစရှိသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
