အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့နှင့် အလွတ်သဘောတွေ့ဆုံရန် အဆိုပြုမှုကို အာဆီယံအထူးကိုယ်စားလှယ်က ကြိုဆိုကြောင်း မလေးရှားနိုင်ငံခြား ရေးဝန်ကြီး Saifuddin Abdullah က ပြောသည်။
အာဏာသိမ်းစစ်ကောင်စီက အာဆီယံအဖွဲ့ဝင်နိုင်ငံများကို NUG ၊ NUCC တို့နှင့် လူချင်းတွေ့ဆုံ ဆွေးနွေးခြင်းမပြုရန် တားမြစ်ထားပါက အခြားနည်းလမ်းအဖြစ် အဖွဲ့ဝင်နိုင်ငံများသည် အွန်လိုင်း ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံဆွေးနွေးနိုင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
“ကျွန်တော်က အာဆီယံအထူးကိုယ်စားလှယ်အစား မပြောနိုင်ပေမယ့် သူ့ရဲ့အဆုံးသတ် မှတ်ချက်ထဲမှာ NUG ၊ NUCC နဲ့ အခြားသော ပါဝင်သင့်သူတွေနဲ့ထိတွေ့ဆက်ဆံဖို့ စဉ်းစားချက်ကို ကြို ဆိုပါတယ်။ NUG နဲ့ NUCC ကို နာမည်တပ်မပြောပေမယ့် အဲဒီသဘောအတိုင်း အခြားဝန်ကြီး နှစ်ဦးကလည်း ထောက်ခံပြောဆိုပါတယ်”ဟု Saifuddin Abdullah က ဆိုသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် NUG ၊ NUCC တို့နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးသင့် ကြောင်းအဆိုကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်သီတင်းပတ်များအတွင်း စတင် ပြောကြားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကမူ ၎င်း၏အဆိုပြုမှုကို အပြင်းအထန်ကန့်ကွက်ထားသည်။
အဖွဲ့ဝင်နိုင်ငံများက အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ် မူအပေါ် ဆက်လက်ရပ်တည်နေသော် လည်း အာဏာသိမ်းစစ်ကောင်စီက အာဆီယံခေါင်းဆောင်များချမှတ်သော ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်မှုမရှိသည့်အပေါ် အဖွဲ့နိုင်ငံအချို့က စိတ်ပျက်ဒေါသထွက်နေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ထို့အတွက် အာဆီယံသည် ပိုမိုဖန်တီးနိုင်သော နည်းလမ်းများကို ပြောင်းလဲ အသုံးပြုရန် လိုအပ် နေပြီး NUG ၊ NUCC စသည့် ပါဝင်သင့်သူများနှင့် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းသည်။
ကိုးကား – Benar News
