▪︎“အရင်က ပခုက္ကူကနေပဲ ပို့ရတာ ယာဉ်တန်းနဲ့။ အခုက လူအင်အားနည်းလာတာလည်း ပါမယ်။ တခါမှ အခုလို လေကြောင်းနဲ့ မပို့ဖူးဘူး” ဒေသခံတစ်ဦး
ချင်းပြည်နယ် မင်းတပ်မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ(၂၇၄)သို့ စစ်ကောင်စီတပ်က ရိက္ခာ ခဲယမ်း ဖြည့်တင်းရာ၌ မြေပြင်မှ ပို့ဆောင်နိုင်ခြင်းမရှိတော့ဘဲ လေယာဉ်အသုံးပြု လေထီးဖြင့် ပို့ဆောင်နေကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၄ရက် )မနက် ၉နာရီကျော်အချိန်တွင် စစ်ကောင်စီက မင်းတပ် ၂၇၄ တပ်ရင်းသို့ ကုန်တင်လေယာဉ်မှ လေထီးဖြင့် ရိက္ခာထုပ်များ လာရောက်ပစ်ချသွားခြင်းဖြစ်သည်။
“လက်နက်ခဲယမ်းရိက္ခာတွေ။ ၁၀ထုပ်လောက်ရှိမယ်။ အရင်က ပခုက္ကူကနေပဲ ပို့ရတာ ယာဉ်တန်းနဲ့။ အခုက လူအင်အားနည်းလာတာလည်း ပါမယ်။ တခါမှအခုလိုလေကြောင်းနဲ့ မပို့ဖူးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

အခြားမင်းတပ်မြို့ခံတစ်ဦးကလည်း“စစ်ကောင်စီက ကုန်တင်လေယာဉ်နဲ့ လေးကြိမ်လောက် ချပေးသွားတယ်။”ဟုပြောသည်။
ချင်းပြည်နယ်အတွင်း တော်လှန်ရေးတပ်သားများက ထိုးစစ်အရှိန်မြင့်နေချိန်တွင် မင်းတပ်မြို့ကို ချင်းပြည်ကာကွယ်ရေးတပ်များ(CDF)က မကြာခင်တိုက်ခိုက်သိမ်းပိုက်တော့မည် သတင်းများကြောင့် ယခုလို လက်နက်ခဲယမ်းများဖြည့်တင်းနေခြင်းဖြစ်သည်ဟု CDFရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
ကုန်တင်လေယာဉ်ဖြင့် ၄ကြိမ် လာရောက်ပစ်ချရာ အချို့အထုပ်များသည် ၂မိုင် ကန်ကြီးဥယာဉ် ဘက် နှင့် ၃ မိုင်ကြားတို့တွင်ကျပြီး ၂၇၄ တပ်ရင်းထဲရှိ ထင်းရှူးပင်များတွင် အထုပ်အချို့ တင်နေသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်များက လုံခြုံရေးယူ တပ်ဖြန့်ထား၍ ပြည်သူများ သတိထား၍ သွားလာကြရန်လည်း ဒေသခံက အချင်းချင်းသတိပေးနေကြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမင်းတပ်၊ မတူပီ ရှိ စစ်ကောင်စီတပ်များသို့ ယာဉ်တန်းများဖြင့် ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းခဲ့ရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်များကလမ်းတလျှောက် ကြားဖြတ်၍အကြိမ်ကြိမ်တိုက်ခိုက်သဖြင် ယခင်က အချိန်တိုတွင်း သွားရောက်နိုင်သည့် ခရီးများကို လချီ ၍ ကြာခဲ့သည်။
လက်ရှိတွင် တော်လှန်ရေးတပ် ပိုမိုအားကောင်းလာသည့် အခြေအနေတွင် စစ်ကောင်စီယာဉ်တန်းများ သွားလာရန် ပိုမိုခက်ခဲနေပြီဟုလည်း ဒေသခံက ပြောပြသည်။
