လက်နက်မျိုးစုံ ၄၀ကျော် သိမ်းဆည်းရရှိ၊ BGF စခန်းသုံးခု သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေး
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၁၁ဦးကျဆုံး
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)ဦးဆောင်သည့် ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့၏ နှစ်လကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၁၁၄ဦး သေဆုံးပြီး ၁၂၉ ဦးဒဏ်ရာရခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။
ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း မတ်လ ကုန်ပိုင်းမှစ၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သော တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle ၊ Federal Wings ၊ ရောင်နီတို့နှင့် စစ်ကောင်စီတပ်များ၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ် များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက် ၁၁ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး (၆၀) မမပြောင်းရှည် တစ်လက်၊ (၆၀) မမပြောင်းတို တစ်လက်၊ (၄၀) မမ တစ်လက် အပါအဝင် လက်နက်မျိုးစုံ စုစုပေါင်း (၄၁)လက် သိမ်းဆည်းရမိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။



ထို့အပြင် စစ်ကောင်စီလက်အောက်ခံ BGFစခန်း သုံးခုကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးထားသည်။
နှစ်လတာတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၁၁ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ၃၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်းလေးစင်း ပျက်စီး ဆုံးရှုံးခဲ့သည်ဟု အသိပေးထားသည်။
မြေပြင်တွင် အထိအနာများသောကြောင့် စစ်ကောင်စီဘက်မှ နှစ်လတာအတွင်း လေကြောင်းတိုက်ခိုက်မှု (၂၂)ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ထောင်ချီ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးများကြောင့် ပြည်သူတစ်ဦး သေ ဆုံး၊ နှစ်ဦး ဒဏ်ရာရရှိပြီး ပြည်သူပိုင်အဆောက်အဦး (၄၁)လုံးပျက်ဆီးခဲ့ကြောင်း၊ ကျွဲ၊ နွား တိရစ္ဆာန် (၁၀)ကောင်ထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။
