ထိုင်း – မြန်မာနယ်စပ်ရှိ မယ်သရောခီး စစ်ကောင်စီတပ်စခန်းနှင့် ကာကင်းစခန်းများမှ ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၄၈ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းစစ်တပ် နယ်စပ်သတင်းများဖော်ပြနေသည့် Military Fan Clubလူမှုကွန်ရက်စာမျက်နှာက ဖော်ပြသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေအတွင်း တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့၊ ပိုင်ခလန်ကျေးရွာသို့ ပြီးခဲ့သည့် မတ်လ ၁၉ရက်က ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သား ၄၈ဦးအား ထိုင်း – မြန်မာနယ်စပ် ညှိနှိုင်းရေးစင်တာ(TBC)က ပြန်ပို့ပေးခဲ့ခြင်းဟု ဖော်ပြထားသည်။

Public Service Announcement

ထို့ပြင် တပ်မဟာ(၆)နယ်မြေအတွင်းရှိ ရေတလျောက်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ဦးလည်း မတ်လ ၂၁ရက်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ထိုင်းနိုင်ငံ ပန်ခလန်ရွာသို့ ထပ်မံ ထွက်ပြေးလာခဲ့သည်။ ၎င်းတို့အား ထိန်းသိမ်းကာ လက်နက်များဖြုတ် သိမ်းထားသည်ဟု Military Fan Clubလူမှုကွန်ရက်စာမျက်နှာက ယမန်နေ့တွင် ဖော်ပြသည်။
ပြန်လည်ပို့ဆောင်သော ၄၈ဦးမှာ ရက်ပိုင်းအတွင်း ပမထဆုံးအသုတ်အနေဖြင့် ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများ ဖြစ်သည်။ ယမန်နေ့က ထပ်မံထွက်ပြေးလာသော ၂၆ဦးမှာ ပြန်လည်ပို့ဆောင်ပေးခြင်း မရှိသေးပေ။
ယင်းနှင့်ပတ်သက်ပြီး နယ်စပ်ရှိ ကရင်သတင်းရင်းမြစ်အား မေးမြန်းရာ “ဒါကတော့ အသက်ဉာဏ်စောင့်ပဲလေ။ မပြေးရင်လည်း သေမှာပဲလေ”ဟု ပြောသည်။

KNU တပ်မဟာ(၆)သည် နယ်မြေအတွင်းရှိ တပ်စခန်းများအပြင် စစ်ကောင်စီတပ်ရင်းဌာနချုပ်များကိုပါ တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေတွင် စစ်ကောင်စီတပ်သားများ စခန်းစွန့် ထွက်ပြေးမှုများ ဆက်တိုက်ဖြစ်လာခြင်းဖြစ်သည်။

Public Service Announcement
“ ရေတလျောက်ဆိုတာ ထိုင်းမြန်မာနယ်စပ် မြန်မာဘက်ကဆိုရင် ကြာအင်းဆိပ်ကြီးမြို့နယ်။ ထိုင်းဘက်မှာဆိုရင် အုန်းဖျန်မြို့နယ်။ သူတို့ အခြေအနေ မဟန်လို့ ထွက်ပြေးတာပေါ့။ ဒီလ ၁၉ရက်နေ့ပြေးတာ(မယ်သရောထတပ်စခန်းမှ ထွက်ပြေးသူ) ၄၈ယောက်”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ရေတလျောက်စခန်းကို KNUက ၂၀၂၃ နှစ်ကုန်ပိုင်းတွင် သိမ်းပိုက်ခဲ့ဖူးပြီး နောက်ပိုင်းတွင် စစ်ကောင်စီဘက်က ပြန်လည်နေရာယူထားသည့် တပ်စခန်းဖြစ်သည်။
