လားရှိုးနှင့်မိုးကုတ်မြို့အပါအဝင် ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး PSLF/TNLA၏ စစ်ဒေသအတွင်းရှိ မြို့နယ်ခြောက် မြို့နယ်၌ စစ်မှုထမ်းရန် အတွက် စစ်ကောင်စီကအဓမ္မစစ်သားစုဆောင်းနေကြောင်း လူထုထံမှတိုင်ကြားမှုများရရှိထားပြီး စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးသည့် အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ အရေးယူမည်ဟု TNLA ကထုတ်ပြန်သည်။
လားရှိုးမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချို မြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်တို့တွင် ပြည်သူ့ဘဝလုံခြုံနေမှုတို့ကို ခြိမ်းခြောက်ကာ စစ်မှုထမ်းရန် အတွက် စစ်ကောင်စီမှ အဓမ္မစစ်သားစုဆောင်းနေကြောင်း ပြည်သူလူထုက တိုင်ကြား အကူအညီတောင်းခံလာသည်ဟု TNLA ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

Public Service Announcement
စစ်ကောင်စီသည် ရပ်ကွက်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်စုအုပ်ချုပ်ရေး မှူးများကို သတ်မှတ်ထားသည့် တပ်သားသစ် ဦးရေအတိုင်း စစ်ကောင်စီတပ်သို့ ကောက်ခံပို့ဆောင်ပေးရန် ညွှန်ကြားလာပြီး ရပ်ရွာအုပ်ချုပ်ရေးမှူးများက စစ်ကောင်စီ၏ အဓမ္မဖိအားပေးစေခိုင်းမှုကို မလွှဲမရှောင်သာ အချို့နေရာတွင် စတင်ပြီး အကောင်အထည်ဖော်နေသည်ကို သိရှိထားကြောင်း TNLAက ဆိုသည်။အုပ်ချုပ်ရေးမှူး တစ်ဦးဦးသည် လူထုဆန္ဒအား ဆန့်ကျင်ကျော်လွန်ပြီး စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးပါက အဆိုပါ အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။
” မြန်မာစစ်ကောင်စီထံ စစ်မှုထမ်းရန်အတွက် အုပ်ချုပ်ရေးမှူးများကို အဓမ္မစစ်သား စုဆောင်းခိုင်းစေ ခြင်းကို မြို့မိမြို့ဖအပါအဝင် ရပ်ရွာလူထုနှင့် PSLF/TNLAမှ လက်မခံပါ” ဟု TNLA ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
TNLA ၏ အဆိုပါ ထုတ်ပြန်ချက်အပေါ် ဒေသဆိုင်ရာ စစ်ကောင်စီအုပ်စုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စိုးရိမ်မှုများရှိနေကြောင်း မိုးကုတ်မြို့ခံတဦးကပြောသည်။
” ဘယ်လိုအရေးယူမယ်ဆိုတာတော့ပြောမထားဘူး။ ဒါပေမဲ့ TNLA တကယ်လုပ်လာမယ်ဆိုရင် ဒေသခံတွေအတွက်ကောင်းတယ်။ ရပ် ကျေးအုပ်ချုပ်ရေးမှူးတချို့လည်း လန့်နေကြတယ်။ TNLAက အခုမှာကြေညာတာ။ မြေပြင်မှာကသတင်းထွက်နေတာကြာပြီ” ဟု မိုးမိတ်မြို့ခံကပြောသည်။

Public Service Announcement
သီပေါမြို့နယ်တွင်လည်း သစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှုများနှင့် Non-CDM ဝန်ထမ်းများ ယခုရက်ပိုင်အတွင်းခြေရှုပ်နေပြီး စစ်မှုမထမ်းမနေရ ဥပဒေအတွက်အလုပ်ရှုပ်နေသည်ထင်ကြောင်းဒေသခံအချို့ကပြောသည်။စစ်ကောင်စီ အတွက် စစ်သားသစ် အဓမ္မစုဆောင်းသူများကို တော်လှန်ရေးအဖွဲ့များက ထိရောက်စွာအရေးယူစေလိုကြောင်းဒေသခံအချို့ကပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကိုထုတ်ကာ နိုင်ငံသားများအား အတင်းအကျပ်စစ်မှုထမ်းခိုင်းရန် ကြိုးစားနေသည့် စစ်ကောင်စီအား ကူညီပေးနေသူများကို အရေးယူသွားမည်ဟု နိုင်ငံတစ်ဝန်းတော်လှန်ရေးအင်အားစုများကလည်း သတိပေးချက်များ ဆက်တိုက်ထုတ်ပြန်နေကြသည်။
TNLA ညီနောင်သုံးဖွဲ့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ္မတူ၊နမ့်ခမ်း၊ ကွတ်ခိုင် ၊သိန္နီ ၊ မန်တုံ ၊မိုင်းလုံ ၊မိုင်းငေါ့ မြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ထိုနောက် အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည်၊
