စစ်ကောင်စီဘက်က သေဆုံးထိခိုက်များပြီး အင်အား ၂၀၀ ခန့် စစ်သင်္ဘောများဖြင့်ထွက်ပြေး သော်လည်း သေဆုံးစစ်သားများထဲတွင် လတ်တလော စစ်သင်တန်းပေးထားသည့် ဘဂ်လီ( ရိုဟင်ဂျာ) အချို့၏ အလောင်းများပါဝင်နေ
ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တပ်ရင်း (၃) ခုစလုံးအား ယမန်နေ့ ညနေပိုင်း၌ အပြီးသိမ်းယူရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။
ထိုသို့ သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ထိုးစစ် ၄လကျော်အတွင်း AA အနေဖြင့် သိမ်းပိုက်ရရှိခဲ့သည့် မြို့နယ် စုစုပေါင်း ၉ ခုထိ ရှိလာပြီဖြစ်သည်။ ချင်းပြည်နယ် ပလက်၀ မြို့နယ် နှင့်ရက္ခိုင်ပြည်နယ်ရှိ ပေါက်တော၊ မြောက်ဦး ၊မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ မြို့နယ်များကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။

Public Service Announcement
AA သည် ရသေ့တောင်မြို့ ရရှိရေး ထိုးစစ်ဆင်မှု ၂ပတ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ မတ်လ ၁၇ရက် ညနေ ၄နာရီတွင် ရသေ့တောင်ရှိ စစ်ကောင်စီ တပ်ရင်း ၃ခုလုံးကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။
အဆိုပါ တပ်စခန်းများအတွင်းရှိ စစ်ကောင်စီ အင်အား ၂၀၀ ခန့်သည် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ သို့သော်လည်း စစ်မှုထမ်းဥပဒေအားခုတုံးလုပ်ပြီး စစ်ကောင်စီမှ လတ်တလော စစ်သင်တန်းပေးထားသည့် ဘင်္ဂလီ( ရိုဟင်ဂျာ)အချို့၏ အလောင်းများ၊ ရန်သူစစ်ကောင်စီ၏ အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း AAက ထုတ်ပြန်သည်။
ရိုဟင်ဂျာလူငယ်များမှာ စစ်ကောင်စီကအတင်း အတင်းအဓမ္မ လူသစ်စုဆောင်း၍ စစ်သင်တန်းပေးခဲ့ခြင်းဖြစ်ပြီး ၊အတင်းအဓမ္မစုဆောင်းခံထားရသည့် ရိုဟင်ဂျာ(ဘင်ဂါလီ)လူငယ်ရာနှင့်ချီရှိကြောင်း ဒေသခံများကပြောသည်။
ရက္ခိုင့်တပ်တော်က ဘူးသီးတောင်၊မောင်တောမြို့များကိုလည်းသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်၊ ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေး ထိုးစစ်အား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်းလည်း အသိပေးသည်။

Public Service Announcement
ထိုအပြင် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တောင်ပြို လက်ဝဲမြို့ နှင့် လက်ယာ နယ်ခြားစောင့်တပ်စခန်းများကိုသိမ်းပိုက်ထားပြီး အခြားနယ်ခြားစောင့်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ထားသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာနှင့်ချီ၍ ဘဂ်လားဒေရှ်သို့ထွက်ပြေးတိမ်းရှောင် ခဲ့ကြသည်။
ရက္ခိုင်ဒေသ၌ စစ်ရှုံးကာ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသည့် အကြမ်းဖက်စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများ စသည့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကိုသာ ပိုမိုလုပ်ဆောင်လာကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှကျူးလွန်လျက်ရှိသည်ဟု AAက ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှု များကြောင့် အပြစ်မဲ့အရပ်သားပြည်သူတို့၏ဒဏ်ရာရ သေဆုံးမှုများမှာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လျက်ရှိသည်ဟု ဖော်ပြသည်။
AA၏ ထိုးစစ်ကာလအတွင်းဖြစ်ပွားသည့် တိုက်ပွဲများ၊ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် ရက္ခိုင်ဒေသခံ ပြည်သူ သုံးသိန်းကျော် စစ်ရှောင်နေကြရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်ဟုလည်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားထားသည်။AA နိုင်ငံရေးရည်မှန်းချက် အတိုင်း ရက္ခိုင်ဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်များအားလုံးကို တိုက်ထုတ်သွားမည်ဟုလည်း အသိပေးထားသည်။
