စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ရဲဘော်အချို့အား စစ်တပ်က ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရဲဘော်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး ခဲယမ်းအချို့ ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ရဲဘော်များဘက်မှ လက်ပစ်ဗုံး(၂)လုံးပစ်ခတ် နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က ပိတ်ဆို့ပစ်ခတ်မှုကြောင့် ရဲဘော်ဇော်ထက်အောင် ခြေထောက်တွင်ကျည်ထိမှန်ကာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa၏ တာဝန်ရှိသူ ဒေါင်းကာရန်က ပြောသည်။
“မြပုလဲကထွက်လာတဲ့စစ်ကြောင်း အင်အား ၄၀ခန့်နဲ့ ဗန်စီနဲ့ နိဗ္ဗာန်ဝဘက်က Local စခန်းကိုဝင်စီးတဲ့စစ်ကြောင်း အင်အား၈၀ခန့် ပေါင်းပြီး မုံရွေး၊ ကြေးမုံရွာထဲကို ဖြန့်အဝင် ရွာနှစ်ရွာဆုံရာမှာ ထိပ်တိုက်တိုးတာပါ။ လက်ပစ်ဗုံးအစစ် နှစ်လုံးပဲ ပစ်ခတ်နိုင်ခဲ့ပါတယ်။ ကျန်ရဲဘော်တွေ အသက်ရှင်လျက်လွတ်မြောက်ခဲ့သော်လည်း ရဲဘော်ဇော်ထက်အောင် ခြေထောက်ကျည်ထိမှန်ပြီး စခများရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရတာပါ။”ဟု PDF South Monywa၏ တာဝန်ရှိသူ ဒေါင်းကာရန်က ပြောသည်။
သတ်ဖြတ်ခံရသူမှာ မုံရွာခရိုင်အမှတ်(၁၁) တပ်ရင်း(People’s Defence Force-South Monywa) တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Forceအဖွဲ့မှ အသက် (၁၈)နှစ်အရွယ် ရဲဘော်ဇော်ထက်အောင် ဖြစ်သည်။

Public Service Announcement
စစ်ကောင်စီတပ်ကလည်း စစ်သားတစ်ဦးသေပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ရဲဘော်ဇော်ထက်အောင်နှင့်အတူ စူပါကာစတန်ကား (၁)စီး၊ ဆိုင်ကယ်(၁)စီး၊ စူပါကပ်ဆိုင်ကယ်(၁)စီး၊ ကာဘိုင်(၃)လက်၊ ၆၀မမဗုံးသီး(၄)လုံး၊ လက်လုပ်လက်ပစ်ဗုံး(၃)လုံး၊ 5.56ကျည်(၅)တောင့်၊ 7.62ကျည်(၅)တောင်၊ ယမ်းထုပ်၁ပိဿာ၊ စကားပြောစက်(၁)လုံး၊ ပြောက်ကျားယူနီဖောင်း(၇)စုံ၊ ပြောက်ကျားအင်္ကျီ(၃)ထည်၊ ပြောက်ကျားဘောင်းဘီ(၄)ထည်၊ kyiကာဦးထုပ်(၈)လုံး၊ ကျည်ကာအင်္ကျီ(၁၀) ထည်၊ ကီးပတ်ဖုန်း(၂)လုံး၊ ဝါယာကြိုး(၂)ခွေတို့ ဆုံးရှုံးခဲ့ကြောင်း PDF-South Monywa၏ တာဝန်ရှိသူ ဒေါင်းကာရန်က ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ် သဖြင့် စစ်ဘေးရှောင် ပြည်သူလေးဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းသည် ဗန်စီကျေးရွာရှိ တိုက်တစ်လုံးနှင့် နိဗ္ဗာန်ဝကျေးရွာရှိ ကျောင်းဇရပ်တစ်ဆောင်၊ ကြက်ခြံ လေးခြံ၊ နေအိမ် နှစ်လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
