ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် မြောက်ပိုင်းတစ်နေရာတွင်ဖေဖော်ဝါရီ ၁၂ရက်က တိုက်ပွဲ၌ စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိခဲ့ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ယနေ့ ထုတ်ပြန်သည်။
PNLA ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီနှင့် အပေါင်းအပါများက စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်နေသည်ဟု အသိပေးထားသည်။

ဖေဖော်ဝါရီ ၁၂ရက်က ဆီဆိုင်မြို့နယ် မြောက်ပိုင်းတနေရာတွင်ပအိုဝ်းဒေသလုံခြုံရေး ကင်းလှည့်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၏ လုံခြုံရေးစစ်ကြောင်းကို စစ်ကောင်စီနှင့်ပြလက်အောက်ခံပြည်သူ့စစ်များက စနိုက်ပါများ ၊ဒရုန်းများ လက်နက်ကြီး လက်နက်ငယ်များဖြင့် စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ PNLA လုံခြုံရေးတပ်ဖွဲ့တွေက ပအိုဝ်းဒေသ လုံခြုံရေးအတွက် ကင်းလှည့်တဲ့ အချိန်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေက ဆီဆိုင်မြောက်ပိုင်း တစ်နေရာမှာ ဒရုန်းတွေ ၊ လက်နက်ကြီးတွေ၊ စနိုက်ပါတွေနဲ့ပစ်ခတ်တယ်။ စတင်ပစ်ခတ်တယ် ခြောင်းမြောင်းပစ်ခတ်တာပေါ့။ အဲဒါနဲ့ ကျနော်တို့က ဒီဟာကိုပြန်လည် ခုခံစစ်လုပ်ရတယ်။ ခြောင်းမြောင်းပစ်ခတ်တဲ့နေရာကိုသွားရှင်းတဲ့အချိန်မှာစစ်ကောင်စီနဲ့ အပေါင်းအပါတွေက ၈ဦးထက်မနည်း ကျဆုံးတာတွေ့ရတယ်။ ပြီးတော့လက်နက်ခဲယမ်းအချို့သိမ်းမိရတာတွေရှိပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီထံမှ သေနတ် ၂ လက်၊ ကား ၁ စီး နှင့် ခဲယမ်း ကျည်ဆံအချို့ကို သိမ်းဆည်းရမိခဲ့ဟု ဓါတ်ပုံမှတ်တမ်းကို ဖော်ပြထားသည်။

Public Service Announcement
စစ်ကောင်စီနှင့် ပြည်သူ့စစ်များထွက်ပြေးသွားရာလမ်းတလျောက်ရှိပအိုဝ်းကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်သောကြောင် ကျေးရွာအတွင်းရှိ ပြည်သူလူထုများ ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟုဆိုသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေတပ်မတော်(PNLA)အနေဖြင့် ပအိုဝ်းအမျိုးသားချင်းချင်း တိုက်ခိုက်မည်မဟုတ်ကြောင်း ထပ်မံ အသိပေးသည်။ထို့ကြောင့် ပအိုဝ်းဒေသအား နှစ်ပေါင်းများစွာ နှိပ်စက် ဖျက်ဆီးလာခဲသည့် စစ်အာဏာရှင်အတွက် အသက်ပေးကာ ပအိုဝ်းအမျိုးသားအချင်းချင်းကို ပြန်လည်တိုက်ခိုက်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် လေးလေးနက်နက်စဉ်းစားရန် PNLAက ထပ်မံ သတိပေးခဲ့ပြီး အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းကြရန် တိုက်တွန်းထားသည်။
