ကောလင်းမြို့တွင် ခုနှစ်မြောက်နေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၈ ရက်တိုက်ပွဲ၌ စစ်ကောင်စီဘက်မှသေဆုံးသူများကာ ပြည်သူ့ကာကွယ်ရေးရဲဘော်လေးဦး ဒဏ်ရာရရှိခဲ့သည်။
ကောလင်းမြို့၊မင်းချမ်းကျောင်း နှင့် တဲကြီးကုန်းရွာတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖေဖော်ဝါရီလ ၈ရက် နေ့လယ်မှ ညပိုင်းအထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
မင်းချမ်းကျောင်း နှင့် တဲကြီးကုန်းရွာသို့ ဝင်ရောက်လာသောစစ်ကောင်စီစစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုများစွာဖြင့်ဆုတ်ခွာထွက်ပြေးသွားပြီး လက်နက်ခဲယမ်းအများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသိမ်းယူနိုင်ခဲ့သည်။


“စကစများ အထိနာအကျအဆုံးများပြီး ရင်း(၂)မှ ရဲဘော်လေးဦးဒါဏ်ရာရ။မစိုးရိမ်ရပါ။သိမ်းဆည်းရမိ ပစ္စည်း လေးတွေကတော့ ဓာတ်ပုံနှင့်တကွ တင်ပြလိုက်ရပါတယ် အမျိုးတို့။ကျနော်တို့ အစွမ်းကုန်ကြိုးစားနေဆဲပါ။တပ်ရင်း(၁) လည်း အစွမ်းကုန်ကြိုးစားနေပါတယ်” ဟု ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အသိပေးထားသည်။
ထိုအပြင် ကောလင်းမြို့ ၊မင်းတဲကြီးရပ်ကွက်သို့ ထိုးဖောက်ဝင်ရောက်လာသောစစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ ၈ ရက်တွင် မြို့ပြင်သို့ တိုက်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

Public Service Announcement
“မင်းတဲကြီးရပ်ကွက်မှစစ်ကြောင်းမှာ တော်လှန်ရေးတပ်များလိုက်လံပစ်ခတ်မှုကြောင့်ကောလင်းတောင်ဘက် ဆိုင်ဒူးရွာသို့ ဆုတ်ခွာထားပြီးကောလင်းမြောက်ခြမ်းမှတိုးလာသော စစ်ကြောင်းမှာကျွန်းလှခုံရွာထိဆုတ်ခွာထားကြောင်းသတင်းရရှိပါတယ်”ဟု ကောလင်းမြို့ တိုက်ပွဲသတင်းများဖော်ပြပေးနေသောKawlin Revolution-KR က ယမန်နေ့ညတွင် ထုတ် ပြန်သည်။

တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာလဆန်းတွင် သိမ်းပိုက်ထိန်းချုပ်ထားသော ခရိုင်မြို့ ကောလင်းကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ရန် ဇန်နဝါရီ လကတည်းက ပြင်ဆင်ပြီး ဖေဖော်ဝါရီ ၃ ရင်ညတွင် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် ကောလင်းမြို့အတွင်းသို့ယမန်နေ့က ဝင်ရောက်လာနိုင်ပြီး မြို့တွင်း၌ညတိုက်ပွဲဖြစ်ပွားခဲ့သည်။
ယမန်နေ့က တိုက်ပွဲတွင် ကောလင်းနှင့်ကန့်ဘလူမြို့ကြားရှိချက်သင်းဘေးမဲ့တော အတွင်းတိုက်ပွဲမှာလည်းပြင်းထန်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များကပြောသည်။ ချက်သင်းဘေးမဲ့တောရှိစစ်ကောင်စီတပ်နှင့်ပျူစောထီယစခန်းကို တော်လှန်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၇ ရက်ညမှစတင်တိုက်ခိုက်ရာ စစ်တပ် အထိနာပြီးလေကြောင်းပစ်ကူသုံးခဲ့ရသည်။ ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့် စစ်ကောင်စီ၏ Mi35 ရဟတ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပွိုင့် ဖိုက်ဖြင့် ပစ်ခတ်ရာ ထိမှန်သွားပြီး မီးခိုးတန်းထွက်လျက် ကန်ဘလူမြို့ရှိ တင့်ကားတပ်ရင်း ၆၀၀၆ သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ဒေသခံများကပြောသည်။
ယနေ့သည် တိုက်ပွဲ ၇ရက်မြောက်ဖြစ်ပြီး မြို့ဘေးနားပတ်ဝန်းကျင်များ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းသတင်းရရှိသည်။
