“ပြည်သူလူထုအနေနဲ့လည်း စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ဖို့အတွက် ရုန်းကန်တော်လှန်နေတဲ့ အနေအထားက ဆက်ရှိမယ်လို့ အားလုံးသိထားဖို့ကတော့ လိုမှာ ဖြစ်ပါတယ်” ဗိုလ်မှူးကြီးနော်ဘူ
စစ်ကောင်စီက အပြောင်းအလဲ မပြုလုပ်ဘဲ စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ရန် ကြိုးစားနေဆဲဖြစ်၍ မြန်မာနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေး ဆက်လက်တင်းမာနေဆဲဖြစ်မည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်သည်။
လတ်တလောတွင် KIAက ကချင်နှင့်ရှမ်းမြောက်ရှိစစ်ကောင်စီတပ်စခန်း တစ်ခုပြီး တစ်ခု ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေတွင် စစ်ရေးရှေ့အလားအလာကို မေးမြန်းရာ ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

“စကစကတော့ ဖေဖော်ဝါရီ ၁ရက်နေ့မှာလည်း သူက သက်တမ်းကတော့ ၆လ ပြန်တိုးထားတာကို အားလုံးအသိဖြစ်ပါတယ်။ ဆိုတော့ သူတို့ဘက်ကလည်း ဘာမှ အပြောင်းအလဲရှိပုံကတော့ မရဘူး။ သူတို့လည်း ဆက်ပြီးတော့မှ စစ်အာဏာရှင်စနစ်နဲ့ပဲ ပြန်ပြီးမှ အုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ဟာကို အားလုံးအသိဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေး အခြေအနေကတော့ ဆက်ပြီးမှ တင်းမာနေဆဲဖြစ်မယ်လို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုအနေနဲ့လည်း စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ဖို့အတွက် ရုန်းကန်တော်လှန်နေတဲ့ အနေအထားက ဆက်ရှိမယ်လို့ အားလုံးသိထားဖို့ကတော့ လိုမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ (ဖေဖော်ဝါရီ ၃ရက်) မနက်တွင် ပြောသည်။
KIA အနေဖြင့် ယမန်နေ့ မနက်တွင် ကချင်ပြည်နယ် မံစီမြို့နယ်ရှိ ခလရ (၂၅၀)တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း အတည်ပြုပြောသည်။ အဆိုပါ တပ်စခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်နေ့မနက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းမတိုင်ခင်ကလည်း မံစီမြို့နယ် ကိုက်ထိပ်စစ်စခန်း၊ မံဝိန်းကြီးဒေသ စစ်စခန်းများကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

Public Service Announcement

ဇန်နဝါရီ လအတွင်းမှာပင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိမဘိမ်းမြို့ ၊ နမ့်ဖက်ကာဗျူဟာကုန်း ၊ကချင်ပြည်နယ်ရှိ မန်ဝိန်ကြီးတပ်စခန်း ၊ ဖားကန့် ဝှေခါမှော် ဗျူဟာကုန်း အပါအဝင် စစ်တပ်အမာခံစခန်းပေါင်း ၁၀ ခုကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
KIA အနေဖြင့် ၂၀၂၃ အောက်တိုဘာ ၁၈ရက်မှစ၍ ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်သိမ်းပိုက် နေခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအများစု အောင်မြင်မှုရခဲ့ပြီး ဒေသအချို့၊ မြို့အချို့ကိုပါသိမ်းပိုက်ထားသည်။ ထို့ပြင် နိုင်ငံတစ်ဝန်းစစ်ပွဲများတွင် အထိနာနေသော ကချင်ပြည်နယ် အင်ဂျန်းယန်ဒေသအပါအဝင် စစ်ကောင်စီတပ်စခန်းများ တိုက်ပွဲမဖြစ်ဘဲ ရုတ်သိမ်းသွားခြင်းများလည်းရှိခဲ့သည်။
ထိုအပြင် ဖေဖော်ဝါရီ ၂ ရက်ညတွင် KIA နှင့် KPDF တို့က ဖားကန့်ရှိ နမ့်တိန်းဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင့် ဒေသခံနှင့် စစ်ရေး ရင်းမြစ်အချို့က ပြောသည်။

KNUအထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကလည်း “ကျနော်တို့ ခရီးကြမ်းကြီးက ပန်းတိုင်ကို အများကြီး နီးစပ်လာပါပြီလို့။ အဲဒီအတွက်ကြောင့် ဆက်လက်ပြီးတော့ တွန်းတွန်းတိုက်တိုက်နဲ့ ဆက်လက်ပြီး ပါဝင်ပေးကြပါလို့။ ကျနော်တို့ရဲ့ ဒီ အထူးသဖြင့် ဘက်ပေါင်းစုံကနေ ဒီ ၆ ချက်ကို အခြေခံပြီး သူတို့လိုက်နာအောင် ကျနော်တို့ ဝိုင်းပြီးတော့ ဖိအားပေးကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ပြည်သူလူထုကလည်း ပြည်သူလူထုရဲ့ထောင့် ၊ ပြည်သူလူထုရဲ့ နေရာကနေ ဆက်လက်ပါဝင် ပေးကြဖို့ပေါ့နော်။ အရင်ကလည်း ပါဝင်ပေးကြသလို ဆက်လက်ပြီးတော့လည်း တက်တက်ကြွကြွနဲ့ ပါဝင်ပေးကြဖို့။ စိန်ခေါ်မှုကတော့ ကြီးပါတယ် တော်လှန်ရေးဆိုတဲ့အားလျော်စွာ။ ဒါပေမဲ့ ဒါက ကျနော်တို့ရဲ့ နောင်လာမယ့် မျိုးဆက်တွေအတွက် အေးချမ်းပြီးတော့ တန်းတူညီမျှမှုနဲ့အတူ ကျနော်တို့အားလုံး ခွဲခြားဆက်ဆံမှုမရှိတဲ့ ကျနော်တို့ရဲ့ အရေးအရာ ကျနော်တို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အနာဂတ်ကို ကျနော်တို့ ထူထောင်ကြတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ပြည်သူတွေအနေနဲ့ ဆက်လက်ပြီး စစ်တပ် အင်စတီကျူးရှင်းကို တွန်းအားပေးကြပါ ဖိအားပေးကြပါ။ ကျနော်တို့ ဘက်စုံကနေ ပါဝင်နေတဲ့ တော်လှန်ရေးမှာ ဘက်အသီးသီးက ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုအရ ဆက်လက်ပြီး ပါဝင်ကြပါ”ဟု ပြည်သူများကို သတင်းစကားပါးသည်။
KNU အထွေထွေအတွင်းရေးမှူးချုပ်ပြောသည့် ၆ ချက်မှာတော်လှန်ရေးအဖွဲ့များက စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ပြည်သော ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်တွင် ကြေညာခဲ့သည့် ဘုံသဘောထားရပ်ထဲမှ ဦးတည်ချက် ၆ရပ်ကိုပြောခြင်းဖြစ်သည်။
၎င်းတို့မှာ (၁) စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန် ၊(၂)လက်နက်ကိုင်တပ်ဖွဲ့များအားလလုံးကို ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သား အစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အ၀ ထားရှိရန်၊ (၃) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှု မှန်သမျှ တိုက်ဖျက်ရန်၊ (၄)သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ် နှင့် ဒီမိုကရေစီ စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းရန် ၊ (၅) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန် နဲ့(၆)ပဋိပက္ခ အတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေးလုပ်ငန်းစဉ် ဖော်ဆောင်ရန် တို့ဖြစ်သည်။
