အာဏာသိမ်းကာလ (၃)နှစ်ပြည့်နေ့တွင်စစ်ကိုင်းနှင့် မကွေးတိုင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သုံ့ပန်းနှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း Dog Killers People’s Defence Force Myinmuအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီလ ၁ ရက်)နံနက် ၉ နာရီခန့်က မြင်းမူမြို့၊ အ.ထ.က ၁ ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်။

၄၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ရာ စစ်သား သုံးဦးသေဆုံးပြီး ၇ဦးထိခိုက်ဒဏ်ရာရသွားသည်ဟု ဒေသတွင်းရဲဘော်များက ဆိုသည်။
“အနီးဆုံး မီတာ ၁၅၀ ထိလောက်ကပ်နိုင်ခဲ့တယ်ဗျ။ ဖမ်းဆီးရမိတာက တပ်ကြပ်တစ်ယောက်ရဲ့မိန်းမ နဲ့သမီးပါ။”ဟု Dog Killers People’s Defence Force Myinmu အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
ဖမ်းဆီးရမိသူများအား မြင်းမူပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အသံတိတ်သပိတ်ပြုလုပ်နေချိန် တိုက်ပွဲဖြစ်ပွားခဲ့၍ ပြည်သူအသွားအလာရှင်းလင်းနေခဲ့ကြောင်း မြင်းမူမြို့ခံများက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Dog Killers People’s Defence Force Myinmu (DK PDF-MMU)၊ PKDF ၊ဒေါင်းဘုရင်၊ ဇေယျာရွှေမြေ၊ မြင်းမူဖိုက်တာ၊ မိုးညို၊အနောက်ခြမ်း ပ.က.ဖ၊ DBB.F စသည့် ညီနောင်မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာရှိ စစ်တပ်အထိုင်စခန်းကိုလည်း (၆၀) မမ လက်လုပ်စိန်ပြောင်းလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Special Defence Force (အညာမြေစစ်ကြောင်း) က ထုတ်ပြန်သည်။
အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေသော သရက်ခြံအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Ny Yar တပ်ဖွဲ့က ဆိုသည်။
မကွေးတိုင်း၌လည်း ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်ကောင်စီစခန်းချရာ ပျူစောထီးကျေးရွာနှစ်ရွာ လက်နက်ကြီးများပစ်ခတ်ခံရပြီး စခန်းအဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဖေဖော်ဝါရီ၁ ရက်)နေ့လယ် ၁နာရီခန့်က မြိုင်မြို့နယ်၊ ကန်နီပျုစောထီးကျေးရွာကို ဒေသတွင်းPDFများက ဒရုန်းဖြင့် Drop Bombများ၊ မီးလောင်ဗုံးများ ပစ်ချတိုက်ခိုက်ရာ ပျူစခန်းရှိ အဆောက်အအုံတစ်လုံး မီးလောင်ပြာကျပြီး တစ်လုံးပျက်စီးကြောင်း ဒေသခံများက ပြောသည်။

“ရှော့တိုက်ဒုံး စိန်ပြောင်းနဲ့ အနည်းအကျင်းပစ် တယ်။ အလုံး ၃၀ လောက်”ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ယမန်နေ့ နေ့လယ်၂နာရီခန့်ကလည်း မကွေးတိုင်း ၊ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ရွာရှိိ ပျူစခန်းအား တာဝေးပစ်ရော့ကတ် ရှစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRA ONE PKUအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“ထိခိုက်မှုကတော့ ရှိနိုင်တယ်လို့နီးစပ်သတင်းပေးချက်အရ သိရပါတယ်။”ဟု COBRA ONE PKUအဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။
