ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သု၀ဏ္ဏနယ်မြေရဲစခန်းကို ယနေ့ (ဒီဇင်ဘာ ၅) နံနက်ပိုင်းတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းခရိုင် ပကဖ စစ်ဆင်ရေးတာဝန်ခံက ပြောသည်။
ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီလက်အောက်ခံ သု၀ဏ္ဏနယ်မြေစခန်းကို ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ နှင့် မြို့ပြတော်လှန်ရေးမဟာမိတ်အဖွဲ့တစ်ခုတို့ ပူးပေါင်းပြီး ပြင်းအားမြင့်အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
“အထိအခိုက် နည်းခြင်း များခြင်းထက် ငါတို့မလုံခြုံတော့ဘူးဆိုတဲ့အသိကို စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတွေအနေနဲ့ ပြန်ခံစားစေချင်လို့ မြို့ပြပြောက်ကျားစစ်ဆင်ရေးကို အကွက်ချ စီမံနေတာပါ”ဟု ရန်ကုန်ပကဖ ဒုတာဝန်ခံ (စစ်ရေး) ကိုမင်းရန်နိုင်က ပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျန်ထိခိုက်မှုအသေးစိပ်ကို မသိရသေးကြောင်း အနောက်ပိုင်းခရိုင်ပကဖ စစ်ဆင်ရေးတာဝန်ခံက ဆိုသည်။
သုဝဏ္ဏမြို့နယ်နေ ပြည်သူတစ်ဦးက”မနက်က ဗုံးပေါက်သံတစ်ချက်တော့ ကြားလိုက်ရတယ်။ နေရာသေချာတော့ မသိသေးဘူး။ သံသုမာလမ်းအတိုင်း သွားဆေးဘက်ကနေ သုဝဏ္ဏရဲစခန်းဘက်ကို စစ်ကားနဲ့ မော်တော်ပီကယ်ဆိုင်ကယ်တွေ အမြန်မောင်းသွားတာတော့ တွေ့လိုက်တယ်” ဟု ပြောသည်။

Public Service Announcement
ထိုသို့ပေါက်ကွဲမှု ဖြစ်ပြီးနောက် သင်္ဃန်းကျွန်းမြို့နယ် ကမာကြည်တံတားအနီး လမ်းမကြီးကို စစ်ကားများ ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။
“မနက်က ကမာကြည်တံတားနားမှာ စစ်ကားတွေ ပိတ်ပြီး စစ်နေတာ တွေခဲ့တယ်။ ရဲစခန်းနားမှာဆို အကုန်ပိတ်ထားတာ လမ်းသွားတဲ့လူတွေတောင် အဲ့ဘက်နားကို ပေးမဖြတ်ဘူး။ ရုံးချိန်ကြီးဆိုတော့ ကားတွေလည်း အဲ့ဘက်မှာ အရမ်းပိတ်နေတယ်”ဟု မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးက ဆိုသည်။
