AAနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ပြည်သူ ၈၀ကျော်ကို စစ်ကောင်စီဖမ်းထားဟု ညီနောင်မဟာမိတ် ၃ဖွဲ့ ထုတ်ပြန်
ကိုးကန့်(MNDAA)၊ တအာင်း(TNLA)နှင့် ရက္ခိုင်(AA) ညီနောင်မဟာမိတ် ၃ဖွဲ့တို့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း အထိနာရှုံးနိမ့်နေသည့် စစ်ကောင်စီတပ်က အရပ်သားများကို ဦးတည်သည့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ၊ လက်နက်ကြီး ပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး ၃၇ရက်မြောက်နေ့ စစ်ရေး အခြေအနေများကိုဖော်ပြစဉ် တအာင်း၊ ကိုးကန့်နှင့် ရက္ခိုင်ဒေသ အရပ်သား ထိခိုက်မှု များကို ဖော်ပြထားခြင်းဖြစ်သည်။
စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ကိုးကန့်၊ အထူးဒေသ (၁)အတွင်း အပြစ်မဲ့အရပ်သား ၅၀ကျော်သေဆုံးခဲ့ပြီး ၁၆ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တအာင်းဒေသတွင် အရပ်သားပြည်သူ ၆၀ကျော်သေဆုံးကာ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ရက္ခိုင်ဒေသတွင်းလည်း နိုဝင်ဘာလ (၁၃) ရက်မှ ၃၀ရက်အတွင်း အရပ်သား ၃၀ကျော်သေဆုံးကာ ၁၀၀ကျော်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့ပြင် ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်ပတ်သက်သည်ဟူသော မဟုတ်မမှန်စွပ်စွဲချက်များဖြင့် အင်အားသုံးဖမ်းဆီးခြင်းကို ခံခဲ့ရသော အပြစ်မဲ့ အရပ်သား ၈၁ဦးရှိခဲ့ပြီး ယင်းအနက် ၂၂ဦးသာ လွတ်မြောက်သေးသည်ဟုဆိုသည်။
ရက္ခိုင်ပြည်နယ် ပေါက်တောတွင် စစ်ကောင်စီက ပြည်သူများကို ဓားစားခံအဖြစ် လူသားဒိုင်းကာအဖြစ် ပြုလုပ်ထား၍ AA က ပိတ်မိပြည်သူများ ကယ်ထုတ်နိုင်ရေး တိုက်ပွဲများ ဆက်လက်လုပ်ဆောင်နေကြောင်း အသိပေးသည်။

Public Service Announcement
ပေါက်တောမြို့တိုက်ပွဲအတွင်း အထိနာနေသောရန်သူသည် ကြည်း၊ ရေ၊ လေပူးပေါင်းပြီး တိုက်ခိုက်လျက်ရှိသော်လည်း အကောင်းဆုံး အနေအထားဖြင့် တန်ပြန်တိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြကာ ပိတ်မိပြည်သူများ ကယ်ထုတ်ရန် ကြိုးပမ်းနေကြောင်း အသိပေးသည်။
ယမန်နေ့ ဒီဇင်ဘာ ၂ရက် ညနေပိုင်းတွင် ပလက်ဝမြို့နယ်၊ တရွန်အိုင်ကျေးရွာအနီးအား စစ်ကောင်စီမှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရွန်အိုင်ရွာဟောင်း မီးလောင်ခဲ့ကြောင်း၊ အမ်းမြို့နယ်၊ ကဇူးကိုင်းတောဟိန်းတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ရင်းများမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအား လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်မှုများ လုပ်ဆောင်နေ၍ ရွာ ၁၅ရွာမှ ပြည်သူများ တိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်သည်။
ပေါက်တောမြို့နယ်၊ နန်းတက်ကျွန်းရွာနှင့် စိုင်းတုတ်ရွာအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရဟတ်ယာဥ်ပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့၍ နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု ဆိုသည်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပေါက်တောမြို့ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို တမင်ရည်ရွယ် ပစ်မှတ်ထားပြီး နေ့ညမရွေး ဖျက်အားပြင်း လက်နက်ကြီးများ ပစ်ခတ်ခြင်း ၊ နိုင်ငံတကာမှ တားမြစ်ထားသော cluster bomb များကို အသုံးပြုတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
