စစ်ကိုင်းတိုင်း၊ ခါမ်းပါတ်မြို့နယ်နှင့် တမူးမြို့နယ်အစပ် မလူရွာ၌ ယမန်နေ့ညနေက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီးနောက် ည ၈ နာရီ ခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်သွားကြောင်း သတင်းရရှိသည်။
“မလူရွာမှာ ညနေ သုံးနာရီလောက်က တိုက်ပွဲဖြစ်တယ်။ တော်တော်လေးပြင်းထန်တယ်။ ဒီည(သြဂုတ် ၁၈ ည) မှာ စစ်တပ်က လေကြောင်းကနေ လာပစ်တယ်။ အိမ်တချို့ထိပြီး အသေးစိတ်တော့ မသိရသေးဘူး”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။
မင်းလူရွာ( ဒေသအခေါ် မလူရွာ) သည် ခမ်းပတ်နှင့် တမူးနယ်စပ် ဘုတ်ကန်ရွာအနီး၌ တည်ရှိသည်။
” လမ်မဘေးကနေ အတွင်းဘက်ကို နှစ်မိုင်လောက် ဝင်သွားရတဲ့ရွာ။ တိုက်ပွဲက ဖြစ်နေတယ်။ ဖုန်းလိုင်းမရလို့ မသိရသေးဘူး”ဟု တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။
မလူရွာကို တံတားဦးလေတပ်မှ တက်သွားသော ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။
သြဂုတ် ၁၈ ရက် နေ့လယ်ကတိုက်ပွဲမှာစစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများသောကြောင့် လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်းPDF အချို့ကပြောသည်။
ဇူလိုင် ၂၈ ရက်ကလည်း ဘုတ်ကန်ရွာတွင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ထိုစဥ်ကလည်းလေကြောင်းမှ တိုက်ခိုက်ခဲ့သေးသည်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ခါမ်းပါတ်မြို့ပေါ်နှင့် မြို့နယ်ခွဲ အတွင်းဇူလိုင်လ ၂၂ ရက်ညမှစ၍တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများပြီး အထိနာလာသဖြင့် ဇူလိုင် ၂၃ ရက်မှစ၍ ရဟတ်ယာဥ်အသုံးပြု၍ ကလေးမြို့မှစစ်ကူများပို့ဆောင်ခဲသလို ဇူလိူင် ၂၅ ရက်မှစ၍ ခါမ်းပါတ်မြို့နှင့် အနီး ဝန်းကျင်ကို လေကြောင်းမှတိုက်ခိုက်ခဲ့သည်။ရက်ပေါင်းများစွာတိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်စစ်ကြောင်းမှာ ခါမ်းပါတ်မြို့ မြောက်ဘက်သို့ စစ်ကြောင်းထိုးလာရာ လမ်းတစ်လျှောက်တိုက်ပွဲများဆက်ဖြစ်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ကို ခါမ်းပါတ်မြို့နယ်က PDF များ၊တမူး PDF ၊ကလေး PDF ၊ချင်းလက်နက်ကိုင်အဖွဲ့အချို့နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများကပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ခါမ်းပါတ်မြို့နယ်ခွဲ၏ နေရာအများစုကို တော်လှန်ရေးအဖွဲ့များက ထိန်းချုပ် စိုးမိုးထားခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။
တိုက်ပွဲများကြောင့် ခါမ်းပါတ်မြို့ပေါ်နှင့် အနီးဝင်ကျင်ရှိကျေးရွညများမှ ပြည်သူထောင်ပေါင်းများစွာထွက်ပြေးခဲ့ရပြီး သြဂုတ် လဆန်းမှာ မြို့ပေါ်က ပြည်သူအချို့ နေရပ်ပြန်နေကြဟုဒေသခံအချို့ကပြောသည်။
