ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားလေးဦး သတ်ဖြတ်သွား
စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ်မှ ရွှေမျောတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားလေးဦး သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။
ပင်လယ်ဘူးမြို့နယ် ပုလဲစင်ရွာမှ ရွှေမျောတစ်ခုကို စစ်ကောင်စီစစ်ကြောင်းက ဩဂုတ် ၁၄ရက်တွင် ဝင်ရောင်စီးနင်းခြင်းဖြစ်သည်။
“အရပ်သားတွေကို သတ်သွားတာ။တချို့ကို မီးရှို့သွားတယ်။ အသတ်ခံရတဲ့အထဲမှာ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးပါတယ်”ဟု ပင်လယ်ဘူးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတ်ဖြတ်ခံရသူများမှာ ကိုညီညီအောင် ၊ ကိုထက်လှိုင်၊ ကိုရှမ်းလေးနှင့် ကိုယ်ဝန်ဆောင် မဝိုင်းဝိုင်းတို့ဖြစ်သည်။
ယင်းသို့ စီးနင်းတိုက်ခိုက်ပြီးနောက် ပင်လယ်ဘူးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။
သို့သော် စစ်ကောင်စီဘက်ကထိခိုက်မှုကို မသိရှိရသေးပေ။
စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ယမန်နေ့(ဩဂုတ် ၁၆ ရက်)ကလည်း ယင်းမာပင်မြို့နယ်မှ အမျိုးသမီးနှစ်ဦးအပါအဝင် ရှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
