မုံရွာထောင်မှနိုင်ငံရေးအကျဥ်းသားဒေါက်တာဇော်ထွယ်အောင်ကျဆုံးပြီး နိုင်ကျဥ်းသားများဒဏ်ရာရသော စစ်ကားတန်းမိုင်းထိမှုတွင် စစ်ကောင်စီတပ်က ရိက္ခာပို့သော စစ်ကားတန်းပုံစံဖန်တီး၍ ထင်ယောင်ထင်မှားဖြစ်အောင်ပြုလုပ်ခဲ့ကြောင်းမုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုရှင်းသန့်က ပြောကြားသည်။
“စစ်တပ်က နိုင်ငံရေးအကျဥ်းသားတွေကို ပုံမှန်တခြားကားနဲ့ခေါ်လို့ရရဲ့သားနဲ့ ရိက္ခာပို့တဲ့ကားပုံစံဖန်တီးပြီး မိုးကာတွေအုပ်တယ်။ အထဲထဲမှာ ခြေကျင်းတွေ နှစ်ယောက်တစ်တွဲခတ်တယ်။ သံဆူးကြိုးတွေ တန်းထားတယ်။ ဘေးကအစောင့်အရှောက်တွေလိုက်တယ်။ ခေါင်းခန်းကလည်းပါတယ်။ အဲလို စစ်တပ်ရဲ့ရိက္ခါကားနဲ့ ပုံစံတူ ပြုလုပ်ပြီး ထင်ယောင်ထင်မှားတွေ ဖြစ်အောင်လုပ်တာလို့ မြင်ပါတယ်။”ဟုမုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူကိုရှင်းသန့်က ပြောသည်။

ထို့အပြင်တော်လှန်ရေးအင်အားစုအချင်းချင်း သွေးကွဲစေရန် စစ်ကောင်စီတပ်ကိုယ်တိုင်က PDF အယောင်ဆောင်ပြီး မိုင်းဆွဲတိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်ကြောင်း ကိုရှင်းသန့်က ဆက်ပြောသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှထွက်လာသော စစ်ကောင်စီယာဥ်များ မိုင်းထိပြီး ထိုယာဥ်တန်း၌ ဓါးစာခံအဖြစ် ပါလာသည့် နိုင်ငံရေးအကျဥ်းသား ဒေါက်တာဇော်ထွယ်အောင် ကျဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။
ဩဂုတ်လ ၁၅ ရက်နေ့က စစ်ကောင်စီတပ်သည် မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွက်လက်နက်ခဲယမ်း ရိက္ခာများ ပို့ဆောင်အပြီး ဝမ်ပေါင် ကြေးနီစီမံကိန်းမှ ကြေးနီများကို မုံရွာ-မန္တလေးလမ်းအတိုင်း မန္တလေးဘက်ကို သယ်ဆောင်ခဲ့သည်။
အဆိုပါ ယာဥ်တန်းအတွင်း မုံရွာအကျဥ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများကိုပါ ကြားညှပ်ထည့်သွင်းကာ ဓါးစာခံအနေဖြင့် အသုံးပြု ၍ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတက်ကြွလှုပ်ရှားသူအချို့က ပြောသည်။
ထိုယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး အကျဉ်းသားများ လိုက်ပါလာသည့်ကားပေါ်ပါ နိုင်ငံရေး အကျဉ်းသားတစ်ဦးဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကချင်တိုင်ရင်းသား အသက် ၃၃ နှစ်အရွယ် ဒေါက်တာဇော်ထွယ်အောင်သည် အခင်းဖြစ်နေရာမှာတင် ကျဆုံးခဲ့ကြောင်း သိရသည်။
“ကိုငြိမ်းချမ်းက ဒဏ်ရာရတယ်။ တခြားထိခိုက်တာတွေလည်းရှိတယ်လို့ သိရတယ်။ ဘယ်လိုမျိုးဖြစ်တယ်ဆိုတာစုံစမ်းနေဆဲပါ။”ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုရှင်းသန့်က ပြောကြားသည်။
မုံရွာအကျဥ်းထောင်အတွင်းရှိ နိုင်ငံရေးမှုများဖြင့် နှစ်ကြီး ကျခံထားရသည့် နိုင်ငံရေးအကျဥ်းသားများကို မန္တလေးထောင်နှင့် မြင်းခြံထောင်များသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ နိုင်ကျဥ်း ၁၀၀ ကျော်ကိုထောင်ပြောင်းမည်သတင်းရ၍ တော်လှန်ရေးအစုအဖွဲ့များအား မိုင်းထောင်ခြင်း မပြုရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို အချိန်မီ အကြောင်းကြားခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုအောင်နေမျိုးက လူမှုကွန်ရက်တွင်ရေးသားသည်။
“ဘုတလင်ဘက်က နိုင်ကျဉ်း ညီလေးတစ်ယောက်လဲထိတယ်။ ဒေါက်တာနဲ့ အတူတူသံခြေကျင်းတွဲခတ်ခံရတဲ့ကလေး သွေးထွက်လွန်ပြီး အခြေနေသိပ်မကောင်းဘူး။”ဟု ကိုအောင်နေမျိုးကဆိုသည်။
စစ်ကောင်စီတပ်သည် ယခုလပိုင်းအတွင်းနိုင်ကျဥ်းများကို အပြင်ထုတ်၍ ပုံစံမျိုးစုံဖြင့် သတ်ဖြတ်မှုများပြုလုပ်နေသည်။
ဒေါက်တာဇော်ထွယ်အောင်သည် မုံရွာမြို့တွင် မနောဥယျာဉ် ကချင်ရိုးရာစားသောက်ဆိုင်ဖွင့်လှစ်ထားသည့် ပရဟိတဆရာဝန်တစ်ဦးဖြစ်ပြီးအာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့က စစ်ကောင်စီကိုဆန့်ကျင်သည်ဆိုကာ ၎င်း၏ မုံရွာမြို့ရှိ နေအိမ်၌ မတရား ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းအား စစ်ကောင်စီတပ်က ပုဒ်မ ၅၀ (ည)၊ ၅၀၅ (က) အပါအဝင် နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။
ထောင်အတွင်း နိုင်ငံရေးအကျဥ်းသားများ မကျန်းမာပါက ကူညီကုသပေးကာစိတ်ထားကောင်းသူဖြစ်ကြောင်း နိုင်ကျဥ်းအချို့ကပြောသည်။
စစ်ကောင်စီယာဥ်တန်းကို မည်သူက ၊မည်သည့်အဖွဲ့ကမိုင်းဆွဲတိုက်ခိုက်သည်ဆိုသည်ကို မသိရသေးပေ ။စစ်ကောင်စီတပ်ကလည်းထုတ်ပြန်ခြင်းမရှိသေးပေ။
ဒေသခံတစ်ဦးကလည်း စစ်ကောင်စီတပ်သည် ယခုနောက်ပိုင်း သွားလာပါက စစ်ကားတန်းမှန်း မသိစေရန်အရပ်သားကားများကိုသာ ပုံဖျက်၍အသုံးပြုသွားလာမှုများပြီး ၊နိုင်ငံရေးအကျဥ်းသားများပါသောကားတန်းကို စစ်ကားတန်းမှန်းသိ့သာစေရန် ပြုလုပ်၍သွားခြင်းမှာ တော်လှန်ရေးအဖွဲ့များအထင်မှားစေရန်ဖြစ်နိုင်ကြောင်းပြောသည်။
ထိုအပြင် ကျဆုံးခဲ့သော ဒေါက်တာဇော်ထွယ်အောင်၏နာရေးကို ယနေ့ (သြဂုတ် ၁၇ ) နံနက် ၁၁ နာရီတွင်မုံရွာမြို့မသုသာန် (ဒေသအခေါ် ဆားကျင်းသုသာန်)တွင် သဂြိုလ်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။
