▪︎အမေရီကန်နှင့်အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုကိုရှောင်ခြားရန်ပြုလုပ်ခြင်းဖြစ်ပြီး ၊ တယ်လီနောထံမှဝယ်ယူထားသော ဖုန်းအော်ပရေတာလုပ်ငန်းကိုပါရောင်းချနိုင်ဟု လုပ်ငန်းရှင်များခန့်မှန်း
စစ်ကောင်စီနှင့်နီးစပ်သည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုက လက်အောက်ခံစက်သုံးဆီကုမ္ပဏီကို လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကို အသုံးပြုပြီး ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီထုတ်သတင်းစာများတွင်ဖော်ပြထားသည်။
ထိုသို့ဖျက်သိမ်းရန် ဩဂုတ် ၁၀ ရက်က ကျင်းပပြုလုပ်သည့် အစုရှယ်ယာရှင်များ အစည်းအဝေးတွင် ရှယ်ယာရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းမည်ဟု ဖော်ပြကြေညာထားခြင်းဖြစ်သည်။

ရွှေဗျိုင်းဖြူကုမ္ပဏီကို စစ်အုပ်စုနှင့်နီးစပ်သူ ခရိုနီသူဌေးကြီး ဦးသိန်းဝင်းဇော်ကပိုင်ဆိုင်ထားပြီး လောင်စာဆီလုပ်ငန်း၊ သတ္တူတူးဖော်ရေးလုပ်ငန်း၊ ကျောက်မျက်တူးဖော်ရေးလုပ်ငန်း၊တယ်လီကွန်းလုပ်ငန်း၊ ဘဏ်၊ သစ်လုပ်ငန်း၊ရေလုပ်ငန်း၊ ပလတ်စတစ်အိတ်ထုတ်လုပ်ရေးစက်ရုံ၊ ပဲမျိုးစုံနှင့် သကြားတင်ပို့ရောင်းချခြင်း စသည့်လုပ်ငန်းများစွာကိုလုပ်ကိုင်ဆောင်ရွက်နေသည်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် လုပ်ပိုင်ခွင့်အခွင့်အရေးများပိုမိုရရှိလာသော ခရိုနီလက်သစ်များထဲမှတစ်ဦးဖြစ်ကြောင်းလုပ်ငန်းရှင်များကသတ်မှတ်ထားသည်။
အထူးသဖြင့် ရွှေဗျိုင်းဖြူကုမ္ပဏီသည် လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group နှင့်ပူးပေါင်းပြီး နော်ဝေးအစိုးရပိုင် Telenorဆက်သွယ်ရေးကွန်ယက်ကို ဝယ်ယူနိုင်အောင် ကာလတိုအတွင်းချမ်းသာလာသူလည်းဖြစ်သည်။ ရွှေဗျိုင်းဖြူ ကုမ္ပဏီ နှင့် M1 Group တို့သည် တယ်လီနောကို ဝယ်ယူပြီး ATOMအမည်ဖြင့် ဆက်လက်လည်ပတ်နေသည်။ ထိုထဲတွင် ရွှေဗျိုင်းဖြူကုမ္ပဏီကရှယ်ယာ ၈၀ ရာခိုင်နှုန်းထိပိုင်ဆိုင်ထားခြင်းဖြစ်သည်။
ရွှေဗျိုင်းဖြူစက်သုံးဆီကုမ္ပဏီသည် မြန်မာ့နိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတွင်လည်းပါဝင်ပြီး စစ်တပ်အတွက်လိုအပ်သည့် လောင်စာဆီများကိုလည်း အဓိကတင်သွင်းထောက်ပံ့ပေးနေသည်။
ကုမ္ပဏီကိုဖျက်သိမ်းမည်ဖြစ်၍ကုမ္ပဏီမှ ရရန် ၊ပေးရန် ရှိသည်များကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၉ ရက်ထက်နောက်မကျစေဘဲ တရားဝင်စာရင်းဖျက်သိမ်းရေးအရာရှိတရားလွှတ်တော် ရှေ့နေထံ တောင်းခံခြင်း၊ပေးသွင်းခြင်းပြုလုပ်နိုင်သည်ဟု ကြေညာထားသည်။

“အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူတွေကို ကြောက်လို့ နာမည်ပြောင်းလို့မြင်တယ်။ ဒီအချိန်မှာ ဝုန်းဒိုင်းကြီး ကုမ္ပ
ဏီထဖျက်တယ်ဆိုတာ ဒီအကွက်ပဲလို သုံးသပ်ရတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ရုတ်တရက် ကုမ္ပဏီဖျက်သိမ်းမှုမှာ အမေရီကန်၊ အီးယူ ၊ယူကေစသော ဒီမိုကရေစီအင်အားကြီးနိုင်ငံများ၏ ထပ်မံ့ပိတ်ဆို့အရေးယူမှုများကို လှည့်စားရန်ဆောင်ရွက်ခြင်းဖြစ်နိုင်ပြီး ၊အမေရီကန်ဆန်ရှင်ကြောင့် ATOM ဖုန်းအော်ပရေတာ လုပ်ငန်းကိုပါ မကြာခင် လက်လွှဲပြောင်းရောင်းချနိုင်ကြောင်းလုပ်ငန်းရှင်အချို့က ခန့်မှန်းသည်။
ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုပိုင်ရှင် ဦးသိန်းဝင်းဇော်သည် ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်း၊ သား ဝင်းပိုင်ကျော်နှင့် သမီး သိမ့်ဝင်းထက်တို့၏ အမည်များပါဝင်သည့် ကုမ္ပဏီပေါင်း ၂၀ ကျော်အထိပိုင်ဆိုင်ထားသည်။
ဦးသိန်းဝင်းဇော်ရှယ်ယာပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းစုများကို အီးယူနှင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည်။
ဦးသိန်းဝင်းဇော်သည် ၂၀၀၀ ပြည့်နှစ်တွင် ရွှေဗျိုင်းဖြူကုမ္ပဏီကို တည်ထောင်ကာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အောက်မှနေ၍ စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းကို အကျိုးတူ စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၀တွင် နိုင်ငံပိုင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE)လက်အောက် နိုင်ငံပိုင်ဆီဆိုင် ၁၆ခုကိုလည်း ငွေကြေးအနည်းငယ်ဖြင့် ဦးသိန်းဝင်းဇော်က လုပ်ပိုင်ခွင့် ရရှိခဲ့သည်။
(ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော် / ရွှေဗျိုင်းဖြူ စက်သုံးဆီဆိုင်နှင့်ဖျက်သိမ်းကြောင်း သတင်းစာကြော်ညာ။ ဓါတ်ပုံ-SBP ၊ CJ)
