မြန်မာ-ထိုင်းနယ်စပ် ကရင်နီ (ကယား)ပြည်နယ်ထဲမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတစ်ခုအတွင်းမှာစစ်ကောင်စီတပ်ကလေကြောင်းက ဗုံးမှားကြဲမိလို့ စစ်ကောင်စီ ကြည်းတပ်သား တစ်ဒါဇင်လောက် သေဆုံးခဲ့တယ်လို့ ထိုင်း PBS သတင်းဌာနကဖော်ပြပါတယ်။
ဩဂုတ် ၅ ရက်က တိုက်ပွဲတွေ ပြင်းထန်နေချိန်အတွင်း ထိုင်းနယ်စပ်နဲ့ ကီလိုမီတာ ၃၀ (၁၈ မိုင်ကျော်) လောက်အကွာမှာ တည်ရှိတဲ့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ကရင်နီ တပ်မတော် (KA)တို့ရဲ့ စစ်စခန်းတွေကို စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၃ စီးက ဗုံးကြဲခဲ့ပါတယ်။
လေယာဉ်တွေ ကြဲချတဲ့ ဗုံးတွေက မြေပြင်မှာ ရှိနေတဲ့ သူတို့ရဲ့ တစ်ဖွဲ့တည်းသား စစ်ကောင်စီ ကြည်းတပ်သားတွေပေါ် တည့်တည့်ကျလို့ ၁၂ ယောက်လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ထိုင်းသတင်းဌာန PBSက ဆိုပါတယ်။

အဲဒီ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကရင်နီ တော်လှန်ရေးတပ်သား ၂ ဦး ကျဆုံးပြီး ၇ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဒဏ်ရာရသူတွေကို တော်လှန်ရေး ရဲဘော်တွေက ထိုင်းဖက်ခြမ်းကို ပို့ဆောင်ပြီး ကုသပေးနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။
စစ်ကောင်စီနဲ့ ကရင်နီတပ်တွေ တိုက်ပွဲဖြစ်ချိန်တုန်းက ကရင်အမျိုးသား အစည်းအရုံး (KNU)ကလည်း ကရင်နီ ခုခံရေးတပ်တွေကို အကူအညီပေးဖို့ တပ်တွေ ဖြန့်ထားခဲ့ကြောင်း ထိုင်းPBSရဲ့ သတင်းကဆိုပါတယ်။
မြန်မာစစ်တပ်ဟာ ကရင်နီ တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ စခန်းတွေကိုပြန် သိမ်းယူဖို့နဲ့ တော်လှန်ရေး အဖွဲ့တွေလက်ထဲ ကျရောက်သွားတဲ့ ၁၂၀ မမ မော်တာ ၇ လက်နဲ့ မော်တာကျည်ဆန် ၁၂၀၀၀ လောက်ကို ပြန်လည် ရယူနိုင်ဖို့ ထိုးစစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီ တပ်သား ၃၀၀ ဝန်းကျင်လောက်ဟာ သံလွင်မြစ်ကို ဖြတ်ကူးနိုင်ခဲ့ပြီး နောက်ထပ် ၃၀၀ လောက်ကလည်း မြစ်ကိုဖြတ်ဖို့ ပြင်ဆင်ပြီး ကရင်နီ တော်လှန်ရေး တပ်တွေကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။
People’s Spring စုံစမ်းရရှိတဲ့ အချက်အလက်တွေအရ
စစ်ကောင်စီတပ်မှ အင်အား ၃၀၀ လောက်ဟာ သံလွင်မြစ်အရှေ့ဘက်ခြမ်းကို ဖြတ်ကူးနိုင်ခဲ့ပေမယ့် ဖားဆောင်းမြို့နယ်ထဲမှာပဲရှိနေပြီးတော့ မယ်စဲ့မြို့နယ်ကို ထိုးဖောက်မဝင်ရောက်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ စစ်ကောင်စီတပ်လေယာဥ်ဗုံးမှားကျဲတာ သိပေမယ့် ဘယ်နှစ်ဦးသေတယ်ဆိုတာမသိဘူးလို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မြန်မာဖက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဆီက ပေါက်ကွဲသံတွေ၊ ပစ်ခတ်သံတွေကို နယ်စပ်တလျှောက် ထိုင်းကျေးရွာတွေကပါ အတိုင်းသား ကြားနေခဲ့ရတယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့ နယ်ခြားစောင့် တာဝန်ရှိသူတွေက တိုက်ပွဲတွေကြောင့် မြန်မာဖက်ကနေ ထွက်ပြေးခိုလှုံလာသူ စစ်ရှောင် ၃၈၈၆ ဦးကို ရပ်ကွက် ၃ ခုထဲက ယာယီ ဒုက္ခသည်စခန်း ၅ ခုမှာ နေရာချပေးထားကြောင်း ထုတ်ပြန်ထားပါတယ်။
ကရင်နီ ပူးပေါင်းတပ်တွေဟာ ဇွန်အတွင်းမှာ မယ်စဲ့မြို့အပါအဝင် တစ်မြို့နယ်လုံးအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ် ။
စစ်ကောင်စီတပ်က လေကြောင်းပစ်ကူအများအပြားနဲ့ စခန်းတွေပြန်ရဖို့ကြိုးစားပေမယ့် နယ်ခြားစောင့်တပ်စခန်း အနည်းငယ်ကိုသာ ကရင်နီတပ်တွေက တိုက်ခိုက်ပြီး စခန်းမထိုင်ဘဲ ထားတဲ့အတွက် စစ်ကောင်စီက ပြန်နေရာယူနိုင်ခဲ့တယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
