▪︎မြဝတီ-ကော့ကရိတ်လမ်းမြေပြိုမှုများကြောင့်နယ်စပ်ကုန်သွယ်ရေး ယာယီပြတ်တောက်နေ
ကရင်ပြည်နယ်တွင်ရေလွှမ်းမိုးမှု နှင့်မြေပြိမှုများဆက်လက်ဖြစ်ပွားနေပြီး မြဝတီ-ကော့ကရိတ်ဆက်သွယ်ထားသည့် အာရှလမ်းမကြီးတွင်ရော၊ လမ်းဟောင်းနေရာအချို့ တွင်ပါ မြေပြိုမှုများ ဆက်လက်ဖြစ်ပွားနေကြောင်းဒေသခံအချို့နှင့် လူမှုကူညီရေးအဖွဲ့အချို့ကပြောသည်။
“အာရှလမ်းမကြီး မြေထပ်မြိုနေပါတယ်။ ဒီနေ့ခင်း ၁၂နာရီမှာ တောနောရေတံခွန်အလွန်မှာ ပေ ၂၀၀ လောက်ပြိုကျသွားပါတယ်”ဟု ကော့ကရိတ်မြို့နယ်ဒေသခံတစ်ဦးကPeople’s Spring သို့ ယနေ့ (သြဂုတ် ၈) ပြောသည်။

အာရှလမ်းမကြီး မြဝတီ-ကော့ကရိတ်လမ်းမှ တောနောရေတံခွန်အနီးတွင် ဩဂုတ်လ ၇ရက် နံနက်က ပေ ၁၀၀ ကျော်အကျယ် မြေပြိုကျခဲ့ပြီး ယနေ့ ထပ်ပြိုခြင်းဖြစ်သည်။ ထိုကြောင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ယာယီပြတ်တောက်နေကြောင်း မြဝတီမြို့မှ ကုန်သည်အချို့ကပြောသည်။
“ပြန်ပြင်ဖို့တောင် မလွယ်ဘူး။ မိုးက တောင်ပေါ်မှာ မဲနေတာပဲ။ မြေပြိုတာက ဆိုးနေတယ်”ဟု ကော့ကရိတ်မြို့ခံတစ်ဦးကပြောသည်။

အာရှလမ်းမကြီးမဖွင့်ခင် ၂၀၁၄ ခုနှစ်ရှေ့ပိုင်းကာလတွင်အသုံးပြုခဲ့သော ဒေါ်နတောင်ဖြတ်လမ်း လမ်းဟောင်းနေရာအချို့၌လည်း မြေပြိုမှုဖြစ်ပွားနေကြောင်း ခရီးသွားပြည်သူအချို့ကပြောသည်။
ဩဂုတ်လ(၇)ရက် နေ့ခင်းပိုင်းကအာရှလမ်းမကြီး မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွင် တွဲကားမြေစာပုံပိခဲ့သောနေရာအနီး(ရင်ကွဲတောင်အဆင်း၊ နတ်စင်ကွေ့အကျော်၊ကော့ကရိတ်ဘက်ခြမ်း)၌ တောင်ပြိုမှုထပ်မံဖြစ်ပွားခဲ့သည်။ ယနေ့တောင်ပြိုမှုကြောင့် မြေစာပုံသည်ယမန်နေ့ကမြေစာပုံထက် သုံးဆခန့်ကြီးမားပြီး လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း သင်္ဃန်းညီနောင် လူမှုကူညီကယ်ဆယ်ရေးအသင်းကလည်းအသိပေးထားသည်။

ထို့အပြင် သံလွင်မြစ်နှင့် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်၌ဆက်လက် မြင့်တက်နေပြီး ဘားအံ၊ကော့ကရိတ်၊လှိုင်းဘွဲ့၊ မြဝတီမြို့တို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေသည်။ ဘားအံ၊ကော့ကရိတ်နှင့် မြဝတီမြို့တို့တွင် လတ်တလောရေဘေးကြောင့် ဘေးလွတ်ရာ ယာယီခိုလှုံနေရသူဦးရေသည် ၇၀၀၀ ခန့်ရှိကြောင်း လူမှုကူညီရေးအဖွဲ့များကပြောသည်။
ကရင်ပြည်နယ်အတွင်း လတ်တလောတွင် မိုးသည်းထန်စွာရွာသွန်း နေသည်။ မုတ်သုံလေအားကောင်းနေ၍ ကမ်းရိုးတန်းနှင့် ကုန်းတွင်းဒေသတချို့တွင် မိုးဆက်လက်ပိုနေနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က ယမန်နေ့(ဩဂုတ်လ ၇ရက်)က သတင်းထုတ်ပြန်ထားသည်။
ကရင်ပြည်နယ် ၊ကယားပြည်နယ် စသောဒေသအချို့တွင် မိုးဆက်တိုက်ရွာသွန်းပြီး ရေကြီးရေလျှံနေသော်လည်း မန္တလေးတိုင်း ၊မကွေးတိုင်း ၊စစ်ကိုင်းတိုင်းရှိ ဒေသအချို့တွင် မိုးခေါင်နေကြောင်းဒေသခံများကပြောသည်။
