ခါမ်းပါတ်မြို့ နယ်တွင် သြဂုတ် ၄ ရက်၌ တိုက်ပွဲများခေတ္တရပ်နားခဲ့ရာမှ ယနေ့ (သြဂုတ် ၅)နံနက် တွင်တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ကလေကြောင်းမှ စစ်ကူပေးခဲ့ကြောင်းဒေသခံအချို့က ပြောသည်။
အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီစစ်ကြောင်းမှာ သြဂုတ် ၃ ရက်တွင် ထင်းဇင်ရွာသို့ ရောက်ရှိလာပြီး ဘုန်ကြီးကျောင်း၌ တပ်စွဲခဲ့သည်။ ထိုစစ်ကြောင်းကို သြဂုတ် ၃ ရက်နံနက်တွင် PDF များကတိုက်ခိုက်ခဲ့သည်။ ထိုစစ်ကြောင်းမှာ ထင်းဇင်ရွာတွင် ၂ ရက်နေပြီး ယနေ့ နံနက် ဘုတ်ကန်ရွာဘက်သို့ထွက်လာစဥ် PDF များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်သားတွေကမနက် ၇ နာရီလောက်ကမြောက်ဘက်ကိုသွားတာ။ PDF တွေကလည်းဘုတ်ကန်ကနေထင်းဇင်ကိုတက်လာကြပုံပဲ။ဘုတ်ကန်နဲ့ထင်းဇင်ကြားက နန်စပါချောင်းဘက်တိုက်ပွဲဖြစ်နေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီစစ်တပ်ကို PDFများက ကြားဖြတ်တိုက်ခိုက်ရာသို့ ယနေ့ နေလယ်ပိုင်းတွင် စစ်တပ်ကလေကြောင်းမှ လာရောက်ပစ်ကူပေးခဲ့ကြောင်းလည်းသိရသည်။စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းမှ လာရောက်စစ်ကူပေးခြင်းဖြစ်နိုင်ကြောင်းပြည်သူတစ်ဦးကပြောသည်။
“ရွာပေါ်တော့မကြဲဘူး ။သူတို့ အခြေအနေမကောင်းလို့လေယာဉ်လာကူတာ။ လေယာဉ်ကခုမှပြန်သွားတော့ ထိခိုက်မှုရှိ၊မရှိမသိရသေးဘူး”ဟုအထက်ပါဒေသခံကပြောသည်။
စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ပြည်သူအချို့ကို ဖမ်းဆီးကာ ၂ ရက်စခန်းချခဲ့သော ထင်းဇင်ရွာမှ စစ်သားများထွက်သွား၍ ပြည်သူအချို့ ကရွာပြန်ကြည့်သောအခါ စစ်သားများက အိမ်တိုင်းကိုဖောက်ထွင်း၍ ပြည်သူပိုင် ပစ္စည်းများကိုခိုးယူသွားကြောင်း လည်းဒေသခံအချို့ကပြောသည်။
“အိမ်တိုင်းကိုတက်မွှေထားတာ ။သွားတိုက်ဆေးရေချိုးဆပ်ပြာကစယူကြတယ်တဲ့” ဟုဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်၏ အဆိုပါစစ်ကြောင်းသည် ခါမ်းပါတ်မြို့ ၏ မြောက်ဘက်ဖြစ်သော ကံမကြီး ၊ထင်းဇင် ၊ဘုတ်ကန်ရွာဘက်သို့ တစ်ရွာပြီးတစ်ရွာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ မြောက်ဘက်သို့ ဦးတည်နေသောကြောင့် တမူးမြို့ဘက်သို့ ဦးတည် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။ အဆိုပါဒေသရှိ ကျေးရွာများကို တော်လှန်ရေးအဖွဲ့များကနယ်မြေ စိုးမိုးထား၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနိုင်ကြောင်းလည်းဒေသခံအချို့က ခန့်မှန်းသည်။
ခါမ်းပါတ်မြို့နှင့် တမူးမြို့သည် မိုင် ၃၀ ကျော်ကွာဝေးသည်။
တိုက်ပွဲများကြောင့် နယ်စပ်မှတစ်ဆင့် အန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများကို အိန္ဒိယအစိုးရက ဇူလိုင်လကုန်ပိုင်းတွင် နေရပ်ပြန်ခိုင်းခဲ့ပြီး အသစ်ဝင်ရောက်မှုများကိုတားမြစ်ခဲ့သည်။သို့သော် သြဂုတ် လ ၂ ၊၃ ရက်တိုက်ပွဲများကြောင့် အိန္ဒိယနယ်စပ်သို့ထွက်ပြေးသူများကိုမူကားနှသ့်ဆိုင်ကယ်များဝင်ခွင့်မပြုသော်လည်း လူချည်းသက်သက် ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ကြောင်းသိရသည်။
ခမ်းပက်မြို့ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဇူလိုင် ၂၂ ရက်ညတွင်စတင်တိုက်ခိုက်ပြီး စစ်တပ်က ကလေးမြို့မှ စစ်သားများကို ဇူလိုင် ၂၃ ရက်တွင်လေကြောင်းမှ ခမ်းပက်မြို့ နှင့်အနည်းငယ်သာဝေးသောနေရာသို့ချ၍ ပို့ပေးခဲ့သည်။ ထိုစစ်ကူများကိုပါတော်လှန်ရေးအဖွဲ့များက ဇူလိုင် ၂၃ ရက်တွင် ကြားဖြတ်တိုက်၍ စစ်ကောင်စီတပ်အထိနာခဲ့သည်။ထိုနောက် တိုက်ပွဲ များပိုမိုပြင်းထန်လာပြီး ဇူလိုင် ၂၅ ရက်မှစ၍ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ထိုအပြင် ခမ်းပါတ်မြို့ပေါ်ရှိနေအိမ်များကိုပါ မီးရှို့ ခဲ့သည်။
တိုက်ပွဲများကြောင့်ဒေသခံပြည်သူ ထောင်နှင့်ချီ၍ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်ဘေးရှောင်ကလေးငယ်တစ်ဦးမှာထွက်ပြေးတိမ်းရှောင်စဥ် နေထိုင်မကောင်းဖြစ်ပြီးအချိန်မိဆေးကုသမှု မခံရ၍ကွယ်လွန်ခဲ့သည်။ထို့အပြင် စစ်ဘေးရှောင်ပြည်သူတစ်ဦးမှာ စစ်ဘေးရှောင်နေရာမှ ရွာပြန်စဥ် စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းဒေသခံအချို့ကပြောသည်။
ထိုနောက် ဇူလိုင် လကုန်ပိုင်းတွင်နှစ်ဖက် ကြားတပ်ဆိုင်ထားပြီး တိုက်ပွဲခေတ္တရပ်နားခဲ့ရာမှ သြဂုတ် ၂ ရက်၊ ၃ ရက်နှင့် ၅ ရက်တို့တွင်တိုက်ပွဲများပြန်ဖြစ်ခဲ့သည်။
