စစ်ကိုင်းတိုင်း၊ ကနီမြို့ရဲစခန်းတွင် စခန်းမှူးမွေးနေ့ပွဲကျင်းပနေစဥ် မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခံရပြီး မွေးနေ့ရှင်စခန်းမှူးနှင့် နယ်ထိန်းတို့ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (သြဂုတ် ၃ ရက်)နံနက် ၈ နာရီခန့်က ကနီမြို့ရဲစခန်းတွင် စခန်းမှူးထွန်းမြင့်၏ မွေးနေ့ပွဲပြုလုပ်နေစဉ် မောင်းသူမဲ့လေယာဉ်ငယ် နှစ်စီးဖြင့် ဗုံးသီး လေးလုံးချ တိုက်ခိုက်ခဲ့ကြောင်း KLG PDF (ကျောက်လုံးကြီး)က အသိပေးထုတ်ပြန်သည်။
မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ၁၅ မိနစ်အတွင်း နှစ်ကြိမ်တိုင် သွားရောက်ဗုံးချခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စခန်းမှူးထွန်းမြင့်နှင့် နယ်ထိန်း ဆန်းဌေးတို့ နှစ်ဦးသေဆုံးပြီး မြို့နယ်မှူး၊ရဲမေတစ်ဦးနှင့် ရဲမိသားစုဝင် နှစ်ဦးလည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်ဟု KLG PDF(ကျောက်လုံးကြီး) အဖွဲ့က ဆိုသည်။
” စခန်းမှူး မွေးနေပွဲပြုလုပ်နေတာ သတင်းရလို့ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာ။ မွေးနေ့ပွဲပြုလုပ်နေတာက အချုပ်ခန်းရဲ့ဘေး မြေပြင်မှာ ပြုလုပ်နေတာ။မွေးနေ့ပွဲပြုလုပ်နေတဲ့ နေရာပေါ်ကျတာ။ စခန်းမှူးကတော့ မွေးနေ့ပွဲတောင် ပြီးအောင်မလုပ်လိုက်ရဘူး သေရော”ဟု KLG PDF(ကျောက်လုံးကြီး)၏ ပြန်ကြားရေး တာဝန်ခံ ATက ပြောသည်။

KLG PDF ပြန်ကြားရေးတာဝန်ခံက “ရဲစခန်းမှူးထွန်းမြင့်နဲ့နယ်ထိန်း ဆန်းဌေးသေတယ်။ မြို့နယ်မှူးနဲ့ ရဲမေတဦး ဗိုက်ပွင့်သွားတယ်။ ရဲမိသားစုဝင် နှစ်ဦးလည်း ဒဏ်ရာရတယ်။ အတွင်းသတင်းပြန်ရထားတာပါ”ဟု ပြောသည်။
ကနီမြို့မရဲစခန်း တိုက်ခိုက်ခံရကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း အတည်ပြုသည်။
သို့သော် ထိခိုက်သေဆုံးမှုများအား လူထုနွေဦးကသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ရဲစခန်းနှင့် စခန်းအနီးရှိ ရွှေစည်းခုံဘုရားတောင်ပေါ်မှ လက်နက်ငယ်များဖြင့် ဆက်တိုက်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း KLG PDF ရဲဘော်က ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊၂၂၊၂၃ KLG PDF(ကျောက်လုံးကြီး)အဖွဲ့က Shar Htoo Waw Dron နည်းပညာဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယခုစစ်ဆင်ရေးမျိုး ဆက်လက်လုပ်ဆောင်နိုင်ရန် ပြည်သူများ ထောက်ပံ့ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။
