စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ပျူစောထီးရွာ တပ်စွဲထားသော စစ်ကောင်စီတပ်ကို အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
ယမန်နေ့ (ဇူလိုင် ၁၉ ရက်) ည ၁၁နာရီ ၄၅ မိနစ်ခန့်က ယင်းမာပင်ခရိုင်၊ ကနီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် တပ်စွဲထားသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ကို မဟာမိတ်အဖွဲ့များက အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် (၄၀)မမ လေးလုံး၊လက်လုပ် (၆၀) မမ ၃၅လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်က လက်နက်ငယ်များ၊(၆၀) မမများဖြင့် ပြန်လည်ပစ်ခဲ့၍ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် ဘဏ်ရှေ့ကင်းတွင် နေရာယူထားသောစစ်သားများ ထိခိုက်မှုရှိကြောင်း မဟာမိတ်များက ဆိုသည်။

“စစ်ကူတော့ မလာဘူး။ ညလည်းနည်းနည်းမှောင်တော့အထိအခိုက်ရှိတာကို မြင်ရတယ်။ ဘဏ်ရုံးရှေ့ ရှေ့ကင်းက ဒီကောင်တွေ နောက်ကိုထွက်ပြေးသွားတာ။”ဟု အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့နောက် ည ၁၂နာရီ၄၅မိနစ်ခန့်တွင် ရဲဘော်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း မဟာမိတ် များက အသိပေးသည်။
အဆိုပါ စစ်ဆင်ရေးအား ခရိုင်ကွပ်ကဲရေး၏ လမ်းညွှန်ချက်ဖြင့် ယင်းမာပင်ခရိုင် တပ်ရင်း (၃၀) အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်၊ တပ်ရင်း(၃၀) တပ်ခွဲ (၄) Black Shadow PDF၊ Yinmarbin Fighter Brotherhood Guerrilla Army၊ Salingyi Border Task Force-SBTF၊ Eagle Defense Force-EDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့က အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကနီမြို့နယ်၊ အလည်ကျွန်းပျူရွာရှိ စစ်အုပ်စုကို Shar Htoo Waw Dronနည်းပညာဖြင့် မောင်းသူမဲ့လေယာဉ်ကို အသုံးပြုပြီး 1Kg ဗုံးသီး သုံးလုံးကျဲချကာ တိုက်ခိုက်ခဲ့ကြောင်း KLG PDFကျောက်လုံးကြီးအဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁/၂၂/၂၃ ( KLG PDFကျောက်လုံးကြီး)အဖွဲ့နှင့် Northern Tigers Group.Sagaing Regionအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ယမန်နေ့က စစ်ကိုင်းတိုင်းအတွင်းရှိ တိုက်ပွဲပြင်းထန်နေသောဒေသများတွင်ပါ အာဇာနည်နေ့အခမ်းအနားများ ကျင်းပပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပါ ပြုလုပ်ခဲ့ကြသည်။
