ကရင်ပြည်နယ် ဘားအံမြို့နယ် သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်တွင် ပေါက်ကွဲမှုဖြစ်ပွား၍ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
ဇူလိုင် ၃၁ရက် နံနက်အစောပိုင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ သေဆုံးထိခိုက် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။
“မနက် ၆နာရီကျော်ကျော်လောက်။ ကားကနေပြီးတော့ မိုင်းကွဲတာပေါ့။ သံလွင်တံတား အဝင်၀လေး စခန်း ဂိတ်လေးတွေရှိတဲ့ဘက်။ အဲဒီမှာ ထိခိုက်မှုတော့ နည်းနည်းရှိသွားတယ်ပြောတယ်။ စကစဘက်ကထိခိုက်မှုရှိတာ။ မြ၀တီကလာတယ်ထားလိုက် ဘားအံကနေ ဟိုဘက်မြိုင်ကလေးကူးမှာပေါ့ အဲဒီအ၀။ ကားမိုင်းပေါ့”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။




အခြားဒေသခံတစ်ဦးကလည်း “ဒီမနက် ဘားအံ သံလွင်တံတား စစ်ဆေးရေဂိတ်အနီး ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး လူအသေအပျောက်ရှိ။ မြဝတီ-ရန်ကုန် လမ်းကြောင်း ပိုတင်းကြပ်ပြီး ကုန်ပစ္စည်းသယ်သူတွေ တိုင်ပတ်နေကြပြီ”ဟုဖေစ်ဘွခ်တွင်ရေးသားထားသည်။
“အတော်ပြင်းတာပဲ အိမ်ပါတုန့််တယ်” ဟု ဒေသခံတစ်ဦးကလည်းပြောသည်။

ဒေသခံအချို့က ဖေစ်ဘွခ်လူမှုကွန်ယက်တွင်တင်ထားသောဓါတ်ပုံများတွင် ပေါက်ကွဲမှုသည်အားပြင်းလွန်းပြီး အဆောက်အအုံအချို့ ၊ကားနှင့် ဆိုင်ကယ်အချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရသည်။အပျက်အစီးနားအနီးတွင်လူနာတင်ယာဥ်အချို့ လာရောက်နေသည်ကိုလည်းတွေ့ရသည်။

ကရင်သတင်းဌာနKIC၏ သတင်းဖော်ပြချက်အရ သံလွင်တံတားသည် ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ်သက်၍ နာမည်ကြီးနေသည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်ကြောင်း၊ လူငယ်အမျာအးပြားကို မကြာခဏဖမ်းဆီးခဲ့သည့် ဂိတ်တစ်ခုဖြစ်သကဲ့သို့ ပြည်သူလူထုများအား ငွေညှစ်တောင်းခံမှုများလုပ်ဆောင်နေသည့်ဂိတ်ဖြစ်ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့် ဇွန်လဆန်းကလည်း မွန်နှင့် ကရင်နယ်စပ် သထုံနှင့်ဘားအံကြားရှိဒူးရင်းဆိပ်တံတားကို ကားမိုင်းဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် တစ်ပြိုင်နက်တည်း အင်အားအလုံးအရင်း အသုံးပြု တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်ခဲ့သည်။ ထိုစဉ်က တံတား နှစ်ဖက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှစ်ခုလုံးကို ကားနှစ်စီးအသုံးပြု ကားမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
