စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကံပြားကျေးရွာရှိ စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကြောင်း သတင်းရရှိသည်။
ကံပြားကျေးရွာရှိ စစ်ကောင်စီဂိတ်ကို ဇူလိုင် ၃၀ရက် နေ့လယ်က တိုက်ခိုက်ခဲ့ခြင်းဟု ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ငါးကောင်သေတာ အတည်ပြုနိုင်ပါတယ်။ စခန်းကိုပြုတ်အောင် တိုက်တာပါ။ ဒါပေမယ့် အခြေအနေအရ လက်လျှော့ခဲ့ရတယ်”ဟု ၎င်းက ပြောသည်။

ကံပြားကျေးရွာစစ်ကောင်စီဂိတ်သည် ဒီပဲယင်းမြို့အဝင် တစ်နေရာတွင် ရှိပြီး စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ရက်ကလည်း ဒီပဲယင်းမြို့နယ် စိုင်ပြင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်လေးဖွဲ့က တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်လေးဦသေဆုံးသွားခဲ့သည်။
စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း၌ စစ်ကိုင်းတိုင်းအတွင်း ယင်းမာပင်၊ ဘုတလင်၊ ပုလဲ၊ ရွှေဘို၊ ရေဦးနှင့်ထီးချိုင့် မြို့နယ်တို့ကို စစ်ကြောင်းထိုးနေသည်။
