စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်တွင် ပျူစောထီးမိသားစုနှစ်စုသည် ရွာမှထွက်ပြေးလာပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ခိုလှုံလာကြောင်း သတင်းရရှိသည်။
“ကျွန်းလှဘက်မှာပျူမိသားစုတွေထွက်ပြေးလာတာ သတင်းရပါတယ်။သူတို့အတွက် မြို့နယ် ပအဖနဲ့ ပကဖအဖွဲ့တွေက ဆက်လက်စီစဥ်ပေးနေပါတယ်” ဟု ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
အဆိုပါသတင်းကို နယ်မြေချင်းဆက်စပ်နေသော ကျွန်းလှ၊ ကန့်ဘလူ၊ ကောလင်းဒေသ လူထုတော်လှန်ရေးသတင်းများအား ဖော်ပြပေးနေသည့် Infinity Group ကလည်းဖော်ပြသည်။ ကျွန်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား မေးမြန်းရန် ဆက်သွယ်ရာ ဖုန်းလိုင်းအခက်အခဲကြောင့် မေးမြန်းနိုင်ခြင်းမရှိခဲ့ပါ။
ထွက်ပြေးလာသူဦးရေမှာ ကလေးငယ်အချို့အပါအဝင် ၁၃ဦးဖြစ်ကြောင်း Infinity Group က၏ ဖော်ပြချက်အရသိရသည်။
ကျွန်းလှမြို့နယ် ကျီကုန်းအုပ်စု စသာကုန်းရွာမှ ပျူစောထီးအဖွဲ့ဝင်၏ မိသားစုနှင့် ပျူသင်တန်းတက်ရန် စာရင်းပေါက်ထားသူ၏ မိသားစုတို့ ဇူလိုင် ၂၉ ရက်တွင်ရွာမှထွက်ပြေးလာကာ ဒေသခံPDFထံ ခိုလှုံလာခြင်းဖြစ်ကြောင်းဖော်ပြထားသည်။
“မခံနိုင်လွန်းလို့ထွက်ပြေးလာတာ။ကြီးကြီးတို့မှာဝတ်စရာအဝတ်အထည်ကအစ ပြည့်ပြည့်စုံစုံမပါဘူး။မိသားစုနှစ်ခုပေါင်း လူ ၁၃ ယောက်ကို ဆိုင်ကယ်က ၂ စီးပဲပါတယ်။လမ်းလျှောက်တဲ့သူကလျှောက်၊ဆိုင်ကယ်နဲ့ လိုက်တဲ့သူကလိုက်နဲ့ အခက်အခဲမျိုးစုံကြားကနေ ထွက်ပြေးလာရတာ။ ” ဟုထွက်ပြေးလာသော မိသားစုဝင်အဒေါ်တစ်ဦးက Infinity Group သို့ ပြောသည်။
၎င်းတို့ထွက်ပြေးခဲ့ပြီးနောက် ရွာမှ၄င်းတို့၏နေအိမ်များကို ပျူများကချိတ်ပိတ်ကာ ပရိဘောဂပစ္စည်းများအားသယ်ယူကြပြီး ၄င်းတို့မိသားစုဝင်များအား ရှာတွေ့ပါက တွေ့သည့်နေရာတွင် သတ်ပစ်မည်ဟု ချိန်းခြောက်ပြောဆိုနေကြောင်း သိရသည်။
“ပျူတွေကအန္တရာယ်တော်တော်ကြီးတယ်။ အသိတရားနဲ့ လာပြီးပူးပေါင်းတဲ့သူမှန်သမျှ အမြဲတမ်း ကြိုဆိုနေပါတယ်”ဟု ကောလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်းပြောသည်။
အဆိုပါ ၁၃ ဦးကို ဒေသခံပြည်သူများအပါအဝင် NUG ၏ တာဝန်ရှိသူအချို့နှင့်PDFများကသွားရောက်တွေ့ဆုံကာ လိုအပ်သည့်အကူအညီများ ပေးအပ်နေသည်ဟု Infinity Group ကဖော်ပြသည်။
ကျွန်းလှ၊ ကန့်ဘလူ၊ ကောလင်းဒေသတွင် စစ်ကောင်စီထောက်ခံသော ပျူစောထီးဘုန်းကြီး ဝါသဝက ဒေသခံများအား အတင်းအကျပ် လူအင်အားစုဆောင်းခြင်း၊ ပျုစောထီးသင်တန်းတက်ရန်ဖိအားပေးခြင်း၊ သင်တန်းမတတ်ပါကငွေကြေးအဓမ္မတောင်းယူခြင်းများရှိနေသည်ဟု ဒေသခံများကပြောသည်။ ဘုန်းကြီးဝါသဝသည် လုံခြုံရေးအင်အား အ
များအပြားဖြင့် ပျူစောထီးအဖွဲ့သို့ ဝင်ရန် ဒေသခံများက လိုက်လံစည်းရုံးနေသည်ဟု သိရသည်။
Infinity Group ၏ စုံစမ်းချက်များအရ ကျွန်းလှမြို့နယ်တွင် ပျူလက်ခံ ကျေးရွာပေါင်း ၁၂ ရွာရှိပြီး ပျူသင်တန်းတက်ရောက်ထားသူဦးရေမှာ ၄၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။
