စစ်ကောင်စီတပ် ၁၅ဦးသေ၊ လက်နက်ရှစ်လက်နှင့် ကျည်များရဟု အသိပေး၊ ကျေးရွာပေါင်း ၄၀ကျော်မှ ပြည်သူ ၈,၀၀၀ခန့် ဘေးလွတ်ရာတိမ်းရှောင်
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) လယ်ဒိုမြို့နယ်အတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများရှိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ခလယ်လွီထူခရိုင် တပ်မဟာ (၃)နယ်မြေ ခရုကုန်း၊ ရေတွင်းကုန်း၊ နံဇရွာနှင့် နံဇကျေးရွာအထွက်တို့တွင် ဇူလိုင် ၂၅ရက်နှင့် ၂၆ရက်တို့၌ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၂၅ရက်ညက ခရုကုန်းရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦးသေ၊ ခြောက်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။ ဇူလိုင် ၂၆ရက်တွင် ရေတွင်းကုန်းရွာ သင်္ချိုင်းကုန်း၌ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၆ဦးသေ၊ ၃၀ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ပွဲအတွင်း KNLA တပ်ရင်း(၉) လက်အောက်ခံတပ်ဖွဲ့များက စစ်ကောင်စီတပ်၏ G3 တစ်လက်နှင့် ကျည်ဆံ ၂၀၀ တောင့်၊ (၆၀) မမ ဗုံးသီး တစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်သည်။
ဇူလိုင် ၂၆ရက် နံနက်တွင် နံဇကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ဗိုလ်ကြီးအဆင့်တစ်ဦး အပါအဝင် စစ်ကောင်စီတပ်သားအလောင်း ခုနစ်လောင်းနှင့်အတူ လက်နက် ၆ လက်ရရှိခဲ့သည်ဟု ဖော်ပြသည်။
ရရှိခဲ့သည့် လက်နက်ခဲများမှာ MA1 တစ်လက်၊MA2 နှစ်လက်၊ MA3 နှစ်လက်၊ MA5 တစ်လက်တို့ဖြစ်ပြီး ကျည်ဘောက် (၁၃)ဘောက်ရရှိခဲ့သည်ဟု အသိပေးသည်။

ယင်းနေ့ညနေပိုင်း၌ နံဇရွာထိပ်၌ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးပြီး G4 တစ်လက်၊ G4ကျည် ၅၀တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း KNUက ထုတ်ပြန်သည်။
ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ်က ရေတွင်းကုန်းရွာသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံ ရွာသားတစ်ဦးဒဏ်ရာရခဲ့သည်။ ဒဏ်ရာရ၍ ရွာ၌ကျန်နေသည့် အသက် (၃၈)နှစ်အရွယ် အမျိုးသားကို စစ်ကောင်စီတပ်က ရိုက်နှက်ထိုးကြိတ်ပြီးခဲ့ကြောင်း၊ နောက်ပိုင်းတွင် KNLA တပ်ရင်း(၉) လက်အောက်ခံတပ်ဖွဲ့များမှ ကျေးရွာတွင်းသို့ ပြန်လည်ဝင်ရောက်ပြီး နယ်မြေရှင်းလင်းစဉ် ထိုထိခိုက်ဒဏ်ရာရရှိသူအား တွေ့ရှိပြီး ဆေးဝါးကုသပေးလျက်ရှိကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ဇူလိုင် ၁၉ရက်ကလည်း နံဇရွာ၌ ဒေသခံပြည်သူတစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီရန်ကြောင့် ကျောက်ကြီးဒေသတွင်းရှိ ကျေးရွာပေါင်း ၄၀ကျော်မှ ဒေသခံပြည်သူ ၇၉၉၂ဦးမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အသိပေးထုတ်ပြန်ထားသည်။
