မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ညသန်းခေါင် စစ်ကြောင်းထိုးလာ၍ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူ ၁၀ဦးအား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ကျေးရွာ ပျူစောထီးစခန်းမှထွက်လာသော စစ်ကောင်စီတပ်သည် ဇူလိုင် ၂၄ရက် ညနေ ၃ နာရီခန့်က မြိုင်မြို့နယ်၊ နှောပင်ကျေးရွာကို ပစ်ခတ်ဝင်ရောက်ပြီး ဒေသခံပြည်သူ ၁၀ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် (ပကဖ) တပ်ခွဲ(၂) Young Force(UG)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အင်အားက၈၀ လောက်ပါတယ်။ ပခုက္ကူကနေ စစ်ကြောင်းလာတာပါ။ဗုံးသီးကတော့ လေးလုံးပါ။”ဟု ၎င်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သည် ည ၇ နာရီခန့်တွင် ကမ္မရွာကို ဝင်ရောက်ပြီး ည၁၂နာရီခန့်တွင် စစ်ကြောင်းပြန်ထွက်လာ၍ ပြည်သူများ ညအချိန်မတော်ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (ဇူလိုင် ၂၅ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က မြိုင်မြို့နယ်အရှေ့ပိုင်းကျေးရွာများသို့ ဆက်လက်ဝင်ရောက်မွှေနှောက်နေကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်သည် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ဇူလိုင်လဆန်းကတည်းက စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူများအား ဖမ်းဆီးမှုများ ပြုလုပ်နေသည်။
