▪︎စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နိုင်၍ မြစ်ဘေးကျေးရွာများအား သတိပေး
မန္တလေးတိုင်း၊ မန္တလေးမြို့ရှိ ဂေါဝိန်ဆိပ်ကမ်းမှ ထောက်ပို့သင်္ဘောများအပါအဝင် စစ်သင်္ဘော ၉ စီး ဧရာဝတီမြစ်အထက်ပိုင်းသို့ ဆန်တက်လာကြောင်း ဒေသတွင်း ကင်းထောက်ရဲဘော်များက ပြောသည်။
ယနေ့ (ဇူလိုင် ၂၆ရက်) နံနက် ၇နာရီ မိနစ် ၄၀ခန့်က မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ထောက်ပို့သင်္ဘောနှင့် စစ်သင်္ဘောများ အထက်သို့ဆန်တက်လာခြင်းဖြစ်ကြောင်း Wetet Informational Networkအဖွဲ့က ပြောသည်။
“ထောက်ပို့ ခြောက်စီး၊ စစ်သင်္ဘော သုံးစီးလို့ သိရတယ်။ ခုမှ တက်လာတုန်းရှိသေးတာ။ မပစ်သေးဘူး။ ရွှေကူ – ဗန်းမော်လောက်ထိ တက်လောက်တယ်”ဟု အထက်ပါအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ စစ်သင်္ဘောများသည် နံနက် ၉နာရီခန့်တွင် မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအနီးသို့ ရောက်ရှိနေသည်။
“လောလောဆယ်တော့ မြစ်လယ်က ကျွန်းရွာ သုံးရွာလောက်က ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်။”ဟု မတ္တရာနယ် မြစ်ဘေးကင်းထောက်တာဝန်ခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နိုင်၍ မြစ်ဘေးရှိ ကျေးရွာများ သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးသည်။
