KIAနှင့် စစ်ကောင်စီတပ် ယနေ့ နေရာသုံးခုထက်နည်း တိုက်ပွဲဖြစ်ပွားခဲ့ဟု ဒေသခံပြော
ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ မွန်းလွဲပိုင်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကသေဆုံးထိခိုက်များပြားကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယနေ့(ဇူလိုင် ၂၅ရက်)နံနက် ၇နာရီ ၄၅မိနစ်ခန့်က မြစ်ကြီးနား – ဗန်းမော်ကားလမ်း မလန့်ယန်နှင့် ဒဘတ်ယန်ကြားတွင် စစ်ကောင်စီတပ် စစ်ကြောင်းကို KIAက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် နေ့လည်ပိုင်း၌ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“နေ့လည် ၂နာရီ ၃၅မှာ မြစ်ကြီးနား – ဗန်းမော်လမ်း ဒဘတ်ယန်ဘက်က စစ်ကူလာတဲ့ စကစ တပ် ခလရ (၃၇)နဲ့ ခမရ(၃၈၇)ပူးပေါင်း စစ်ကြောင်းကို ဒဘတ်ယန်နဲ့ မလန်းယန်ကြားမှာ KIAက စောင့်ကြိုတိုက်ခိုက်တာ စကစ တပ်ဖက်က ထိခိုက်မှုများသွားတယ်”ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အခြား ကချင်ဒေသခံတစ်ဦးကလည်း ဒေါ့ဖုန်းယန်နှင့် ဒိန်ဂါရွာကြား၌ ယနေ့ နေ့လည် ၁၁နာရီခွဲတွင် KIAနှင့် စစ်ကောင်စီတပ် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေးဦးသေဆုံးခဲ့ကြောင်း ပြောသည်။
ထို့ပြင် ဒဘတ်ယန်အလွန်တွင် စစ်ကောင်စီတပ်ကို KIA တပ်မဟာ(၁)တပ်ဖွဲ့ဝင်များက ယနေ့မွန်းလွဲပိုင်း၌ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်နေသည်ဟု ကချင်ဒေသခံက ပြောသည်။
ကချင်ဒေသ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး KIAသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
