ယာဥ်တစ်စီး သိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် ကင်းလှည့်လာသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး မတ်တူးယာဥ်တစ်စီး သိမ်းဆည်းနိုင်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (ဇူလိုင် ၂၄ရက်) နံနက် ၉နာရီခန့်က တန့်ဆည်မြို့လမ်းဆုံတွင် မြို့တွင်းသို့ ကင်းလှည့်လာသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ လိုက်ပါလာသော ယာဥ်သုံးစီးအား ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိကြောင်း တန့်ဆည်(ပကဖ)အဖွဲ့က ပြောသည်။
ထို့အပြင် စစ်အုပ်စုထံမှ ယာဥ်အားသိမ်းဆည်းရမိခဲ့ကြောင်း ၎င်းအဖွဲ့က ဆိုသည်။
“ကား သုံးစီးက တစ်စီးနဲ့တစ်စီး ခပ်လှမ်းလှမ်းထားတာ။ ကျွန်တော်တို့ သိမ်းဆည်းရမိတဲ့ကားက အနောက်အစွန်ဆုံးမှာပါ။ ကျွန်တော်တို့ဘက်က ဖိပစ်တော့ ပြန်ဆုတ်သွားတာ။ အနီးကပ်ဖိပစ်တော့ အဲကောင်တွေကြောက်ပြီးတော့ ထားခဲ့တာ။ နှစ်ကောင်လဲကျသွားတာမြင်ခဲ့ရတယ်။”ဟု တန့်ဆည်(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။
အဆိုပါ ယာဥ်သုံးစီးအနက် တစ်စီးမှာ မီတာကြေးလိုက်ကောက်ခြင်းဖြစ်ပြီး နှစ်စီးမှာ လုံခြုံရေးယူထားခြင်းဖြစ်ကြောင်း Taze News ဖော်ပြသည်။
ဇူလိုင် ၁၇ရက်က တန့်ဆည်မြို့နယ်၊ သပြေရင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၀ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများပြားကာ ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သေးသည်။
