စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့အခမ်းအနားကို တက်ခွင့်မရတာ ၃ နှစ် ရှိလာပါပြီ။
ဒီနှစ်အာဇာနည်နေ့အခမ်းအနားဟာ တကျော့ပြန် အာဏာသိမ်းစစ်တပ်လက်အောက်မှာ ကျင်းပတဲ့ ၃ ကြိမ်မြောက်ဖြစ်ပါတယ်။
ရန်ကုန်မြို့ အာဇာနည်ဗိမာန် မှာ ဒီနေ့ ကျင်းပတဲ့ (၇၆ )နှစ်မြောက် အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းမိသားစုဝင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကတက်ခွင့်မပေးပေမယ့် သားကြီး ဦးအောင်ဆန်းဦးကိုတော့ခွင့်ပြုတာတွေ့ရပါတယ်။
ယခင်စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်ကျနေစဉ်ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့အခမ်းအနားအများစုကို တက်ခွင့်ပြုခဲ့ပါသေးတယ်။
အဲဒီအချိန်က လူထုဟာ အာဇာနည်နေ့ အခမ်းအနားကိုတက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရဖို့ စစ်တပ်ရဲ့ သတင်းကို စောင့်ကြည့်ခဲ့ရပါတယ်။
အခုအာဏာသိမ်း စစ်ကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်းတစ်ဒါဇင်ကျော်နဲ့ ထောင်ဒဏ် နှစ် ၃၀ ကျော် ချပြီး အကျဉ်းချထားတာပါ။
